News

POST TYPE

SPORTS

အိုက်စလန်နှင့်ပွဲစဉ်တွင် ထုတ်ပယ်ခံရပြီးနောက် လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်သွားမည်ကို ဝေါ်လ်ကာ စိုးရွံ့နေ
07-Sep-2020


လန်ဒန်၊ စက်တင်ဘာ ၆

အိုက်စလန်ကို နောက်ဆုံးမိနစ်တွင် အနိုင်ရခဲ့သည့်ပွဲစဉ်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝ အဆုံးသတ်ချိန်ရောက်သွားမည်ကို စိုးရိမ်မိဟု အင်္ဂလန်နောက်ခံလူ ကိုင်လီဝေါ်လ်ကာက ဖွင့်ဟလိုက်ကြောင်း Dailymail ကဖော်ပြခဲ့သည်။ 

မန်စီးတီးနောက်ခံလူသည် လက်ရွေးစင်အသင်းနှင့် တစ်နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးနောက် အိုက်စလန်နှင့်နေးရှင်း လိဂ်ပွဲစဉ်တွင် ပထမဆုံးအကြိမ်ပြန်လည် ပါဝင်ခွင့်ရခဲ့သော်လည်းနှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ 

လာမည့်ဒိန်းမတ်နှင့်ပွဲစဉ်မှာ ၎င်းအတွက် နိုင်ငံတကာကစားသမားဘဝ ပွဲ ၅၀ ပြည့်ဖြစ်သော်လည်း ပွဲပယ်ပြစ်ဒဏ် ကြောင့် လွဲချော်မည်ဖြစ်သလို လက်ရွေးစင် ကစားသမားဘဝ အဆုံးသတ်လုနီးပါးဖြစ်နေပြီဟု ခံစားမိကြောင်း ဝန်ခံခဲ့သည်။ 

အင်္ဂလန်အသင်း ညာနောက်ခံနေရာတွင် ထရစ်ပီယာ၊ အာနိုးနှင့် ဘစ်ဆာကာတို့ရှိနေခြင်းကြောင့် နည်းပြဆောက်ဂိတ်အနေနှင့် ဝေါ်လ်ကာကို အလွယ်တကူချန်လှပ်နိုင်သည့် အနေအထားဖြစ်သည်။ 

“အဆုံးသတ်ဖို့ဖြစ်လာတဲ့ အချို့သောအချိန်တွေဟာ ကစားသမားတစ်ယောက်အတွက် ဝမ်းနည်းစရာကောင်းပါတယ်။ ကျွန်တော့်ရဲ့နိုင်ငံတကာကစားသမားဘဝက အဆုံးသတ်လုနီးနီးဖြစ်နေပါလိမ့်မယ်။ အသင်းနဲ့အချိန်အတော်ကြာ ဝေးကွာပြီး ပြန်လာတဲ့ပွဲမှာ အထုတ်ခံရတာက မကောင်းပါဘူး။ အဝါကတ်ထိထားပြီးသာကို သိလျက်နဲ့ဒီလို စိန်ခေါ်မှုကို ပြုလုပ်ဖို့မသင့်ခဲ့ပါဘူး။ ကျွန်တော့်မှာ အင်အားတွေရှိနေဆဲပါ။ ခြေထောက်တွေက အများကြီး အလုပ်လုပ်နိုင်သေးသလို အသင်းအတွက် ပြန်ကစားခွင့်ရဖို့အရမ်းကို မျှော်လင့်ထားပါတယ်”ဟု ဝေါ်လ်ကာက ဆိုခဲ့သည်။            

ငြိမ်းပြည့်