News

POST TYPE

SPORTS

WLC-14 ပြိုင်ပွဲတွင် ပါဝင်မည့် အဓိကတွဲဆိုင်း ထုတ်ပြန်
07-Sep-2020


ရန်ကုန်၊ စက်တင်ဘာ ၅

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC-14 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာ ၂၅ ရက်တွင်  ကျင်းပမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးဇေသီဟကပြောသည်။

WLC-14 ပြိုင်ပွဲကို ကျင်းပမည့် နေရာမထုတ်ပြန်သေးသော်လည်း အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်မည့် တွဲဆိုင်းကို ထုတ်ပြန်ထားခဲ့သည်။ 

ယင်းပွဲစဉ်၏အဓိက တွဲဆိုင်းမှာ လိုက်ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် လက်ရှိချန်ပီယံ ပေါ်တူဂီနိုင်ငံသား အန်တိုနီယို ဗာရီယာနှင့် စပိန်နိုင်ငံသား ဖရန်စစ္စကိုမီညာလက်စ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး လိုအပ်ချက်အနည်းငယ်ရှိခဲ့သော်လည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် လာမည့်ပွဲစဉ်များကို ပြည်တွင်း၌ ကျင်းပနိုင်ရန် ကြိုးစားမည်ဖြစ်သည်။ 

“ ၁၃ဂဏန်းကို မကြိုက်လို့ ပွဲစဉ် ၁၃ ကို မကျင်းပပဲ ပွဲစဉ် ၁၄ ဆိုပြီး ကျင်းပမှာပါ။ လက်ရှိ ကျွန်တော်တို့ တွဲဆိုင်းနဲ့ ပွဲရဲ့အပြင်အဆင် ဒီဇိုင်းတွေရွေးချယ် ထားပြီးပါပြီ။ ပွဲစဉ် ၁၄ ရဲ့ တွဲဆိုင်းတွေကတော့ သတ်မှတ်ပြီးပြီ။ မကြာမီ တွဲဆိုင်း အပြည့်အစုံကို ထုတ်ပြန်သွားမှာပါ”ဟု ဦးဇေသီဟ ကပြောသည်။

လာမည့် WLC-14 ပွဲစဉ်ကို ကျင်းပမည့်နေရာ ရွေးချယ်ထားခြင်းမရှိသေးသော်လည်း ပြည်တွင်း၌ ပြိုင်ပွဲများ ကျင်းပခွင့် မရရှိသေးခြင်းကြောင့် ပြည်ပတွင်သာ ကျင်းပရဖွယ်ရှိကြောင်း ၎င်းဆိုသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲအတွက် နိုင်ငံစုံမှ နာမည်ကြီးတိုက်ခိုက်ရေးကစားသမားများကို စာချုပ် ချုပ်ဆိုထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ၎င်းတို့၏တွဲ ဆိုင်းများ ထည့်သွင်းကျင်းပနိုင်ရန်  အခက်တွေ့နေကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် ယခုနှစ်အတွင်း ပြိုင်ပွဲလေးပွဲကျင်းပရန်  စီစဉ်ထားပြီး ဇန်နဝါရီ  ၃၁ ရက်နှင့် သြဂုတ်  ၂၈ ရက်တွင် နှစ်ပွဲ ကျင်းပထားပြီးဖြစ်သောကြောင့် လက်ကျန်ပြိုင်ပွဲနှစ်ပွဲအတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် လာမည့် WLC-14 ပြိုင်ပွဲကို ပြည်တွင်းရုပ်သံလိုင်းတစ်ခုဖြစ်သည့် CANAL+ ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။

ချစ်ဝိုင်း