News

POST TYPE

SPORTS

မြန်မာလိဂ် တစ်လတာအကောင်းဆုံးဆုကို နည်းပြ ဦးမျိုးမင်းထွန်းနှင့် ရှမ်းကစားသမား ဒေးဗစ်ထန်းတို့ရရှိ
07-Sep-2020

ရန်ကုန်၊ စက်တင်ဘာ ၆

မြန်မာလိဂ် တစ်လတာအကောင်းဆုံး နည်းပြဆုကို ဟံသာဝတီယူနိုက်တက် နည်းပြ ဦးမျိုးမင်းထွန်းနှင့် အကောင်းဆုံး ကစားသမားဆုကို ရှမ်းယူနိုက်တက် ကစားသမား ဒေးဗစ်ထန်းတို့ ရရှိခဲ့သည်။

အကောင်းဆုံးနည်းပြဆုအတွက် အထိမ်းအမှတ်ဆုတံဆိပ်နှင့် ဆုငွေကျပ် တစ်သိန်းခွဲ ချီးမြှင့်ခြင်းဖြစ်ရာ အဆိုပါဆုကို  မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ချီးမြှင့်ပေးခဲ့သည်။ 
ယခုတစ်ကြိမ် ပေးအပ်ချီးမြှင့်သည့်အကောင်းဆုံးဆုများကို ရွေးချယ်ရာတွင် မတ်လအတွင်း ကျင်းပခဲ့သည့် MPT Myanmar National League 2020 ပွဲစဉ် (၉) နှင့် သြဂုတ်လ ၂၂ ရက်မှ ပြန်လည်ကျင်းပသည့် ပွဲစဉ် (၁၀)၊ (၁၁)  နှင့် (၁၂) များမှ စွမ်းဆောင်ရည်များအပေါ် မူတည်တွက်ချက်ကာ ချီးမြှင့်ခြင်းဖြစ်သည်။ 

ဦးမျိုးမင်းထွန်းသည် အကောင်းဆုံးနည်းပြဆုကို ၂၀၂၀ ဘောလုံးရာသီအတွင်း ဒုတိယအကြိမ်ဆွတ်ခူးရရှိခြင်းလည်း ဖြစ်သည်။ 

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ မတ်-သြဂုတ်လအတွက် အကောင်းဆုံးကစားသမားဆုကို ရှမ်းယူနိုက်တက်အသင်း၏ နောက်ခံလူဒေးဗစ်ထန်းက ရရှိခဲ့သည်။ 

အဆိုပါ လအလိုက်အကောင်းဆုံးကစားသမားဆုကို ရခိုင်ယူနိုက်တက်-ရှမ်းယူနိုက်တက် ပွဲစဉ်မတိုင်မီချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ 

ရှမ်းယူနိုက်တက်အသင်းနှင့် လက်ရွေးစင်အသင်း နောက်ခံလူ ဒေးဗစ်ထန်းအနေဖြင့် မတ်လ-သြဂုတ်လအတွင်း ယှဉ် ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့သဖြင့် ယင်းပွဲစဉ်များမှ စွမ်းဆောင်ရည်များအပေါ် မူတည်ကာ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ပေးချယ်ခြင်းဖြစ်သည်။ 

အထက်ပါ အကောင်းဆုံးဆုများအနက် ကစားသမားဆုကို ဆုတံဆိပ်နှင့် ဆုငွေကျပ် ၂ သိန်း၊ နည်းပြဆုအတွက် ဆုတံဆိပ်နှင့် ဆုငွေကျပ် ၁ သိန်းခွဲ ချီးမြှင့်ခြင်းဖြစ်သည်။

တစ်လတာ အကောင်းဆုံးနည်းပြဆုနှင့် ကစားသမားဆုများကို မြန်မာနေရှင်နယ်လိဂ်နှင့်အတူ မြန်မာနေရှင်နယ်လိဂ်  မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီး မြှင့်ခြင်းဖြစ်သည်။     

ချစ်ဝိုင်း