News

POST TYPE

SPORTS

နေမာအပါအဝင် ကစားသမား ၃ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ဟု ပီအက်စ်ဂျီအသင်း ထုတ်ပြန်
04-Sep-2020


ပဲရစ်၊ စက်တင်ဘာ ၃

တိုက်စစ်မှူးနေမာအပါအဝင် ကစားသမား ၃ ဦး၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့သည်ဟု ပီအက်စ်ဂျီအသင်းက အတည် ပြုထုတ်ပြန်ကြေညာခဲ့ကြောင်း L’Equipe က ဖော်ပြခဲ့သည်။ 

ကြယ်ပွင့်ကစားသမား နေမာနှင့်အတူ ကူးစက်ခံရသူနှစ်ဦးအား အမည်တပ်ဖော်ပြခြင်းမရှိသော်လည်း ပြင်သစ်မီဒီယာများက ဒီမာရီယာနှင့် ပါရီဒက်စ်တို့ဖြစ်နိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။ 

ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ယင်းကစားသမား ၃ ဦးသည် စပိန်နိုင်ငံ အိုင်ဘီဇာကမ်းခြေတွင် အားလပ်ရက်ကို ကုန်ဆုံးလျက်ရှိသည်။ 

ပီအက်စ်ဂျီအသင်းသည် စက်တင်ဘာ ၁၀ ရက်နေ့တွင် ရာသီအဖွင့်ပွဲစဉ်အဖြစ် လန့်စ်အသင်းနှင့် ရင်ဆိုင်ရရန်ရှိနေပြီး ကိုရိုနာကူးစက်ခံထားရသည့် ကစားသမား ၃ ဦးစလုံး ပါဝင်ကစားရန်အခြေအနေ နည်းပါးသွားခဲ့ပြီဖြစ်သည်။ 

ရာသီသစ်ပြန်လည်စတင်ချိန်တွင် ဥရောပတစ်လွှားရှိ ထိပ်တန်းလိဂ်အသင်းများ၌ ကိုရိုနာကူးစက်ခံရမှုမြင့်တက်နေသလို မာဆေးကစားသမား ၄ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် မာဆေးနှင့်စိန့် အက်တီယန်တို့၏ရာသီအဖွင့်ပွဲစဉ်ကို ရက်ရွှေ့ခဲ့ရသည်။ 

"ပီအက်စ်ဂျီ ကစားသမား ၃ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိတယ်ဆိုတာကို အတည်ပြုပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကစားသမားတွေနဲ့အသင်းအဖွဲ့ဝင်တွေကို နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်သွားမှာပါ"ဟု ပီအက်စ်ဂျီအသင်းက အတည်ပြုထုတ်ပြန်ထားသည်။

ငြိမ်းပြည့်