News

POST TYPE

SPORTS

ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ ဖြင့် မန်ယူအသင်း ၅ နှစ်စာချုပ်ချုပ်ဆို တရားဝင်ခေါ်ယူ
04-Sep-2020


မန်ချက်စတာ၊ စက်တင်ဘာ ၃

မန်ယူအသင်းသည် နွေဈေးကွက်အတွင်း ပထမဆုံးခေါ်ယူမှုအဖြစ် အေဂျက်ဇ်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို တရားဝင်စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း Dailymail  က ဖော်ပြခဲ့သည်။ 

အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ပေးချေခဲ့ရပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ 

ဗန်ဒီဘိခ်အတွက်သဘောတူညီမှုထဲတွင် ၅ နှစ်သက်တမ်းပြည့်ပါက ထပ်တိုးခွင့်ကို ထည့်သွင်းထားပြီး အပိုဆုကြေးမပါ  တစ်ပတ်လုပ်ခ ပေါင် ၁၀၇,ဝ၀ဝ ရရှိ မည်ဖြစ်သည်။ 

နည်းပြဆိုးလ်ရှား၏နွေဈေးကွက် ပထမဆုံးခေါ်ယူမှုဖြစ်သလို ရာသီသစ်တွင် ၄င်းနှင့်အတူ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ် တို့၏အတွဲအဖက်မှာ စိတ်လှုပ်ရှားစရာ ဖြစ်လာခဲ့သည်။ 

မန်ယူသို့ အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ပြီးနောက် ဗန်ဒီဘိခ်က "အေဂျက်ဇ်အသင်းနဲ့ပတ်သက်သူတိုင်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အဲ့ဒီမှာကြီးပြင်းခဲ့တာဖြစ်ပြီး အသင်းနဲ့အမြဲတမ်းနှောင်ကြိုးဖွဲ့နေဦးမှာပါ။ ကစားသမားဘဝ နောက်တစ်ဆင့်အတွက် အဆင်သင့်ဖြစ်နေသလို မန်ယူအသင်းနဲ့အတူ အမြင့်ဆုံး အဆင့်မှာ ဖျော်ဖြေနိုင်ဖို့အသင့်ဖြစ်နေပြီး ဒီထက်မြင့်မားတဲ့စံနှုန်း မရှိနိုင်တော့ပါဘူး။ လူတိုင်းကတော့ အိုးလ်ထရက်ဖို့ဒ် ဖိအားက ဘယ်လောက်အထိစိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာကို ပြောနေကြပါတယ်။ ဒီအသင်းမှာ ကမ္ဘာ့အကောင်း ဆုံးကွင်းလယ်လူတွေရှိတာကြောင့် သူတို့ဆီက သင်ယူမှာဖြစ်သလို ကျွန်တော့် အားသာချက်တွေကိုလည်း အသင်းအုပ်စုထဲကို ယူဆောင်လာနိုင်မှာပါ။ နည်းပြနဲ့စကားပြောဖြစ်တဲ့အခါမှာတော့ ကလပ်အသင်းရဲ့ လမ်းကြောင်းက စိတ်လှုပ်ရှားစရာ ကောင်းနေတဲ့အတွက် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ် နေပါတယ်"ဟု ဆိုခဲ့သည်။

ငြိမ်းပြည့်