News

POST TYPE

SPORTS

လုပ်ခလစာတောင်းဆိုမှုက အလာဘာနှင့် ဘိုင်ယန်မြူးနစ်တို့ သက်တမ်းတိုးရေးကိစ္စတွင် အတားအဆီးဖြစ်လျက်ရှိ
31-Jul-2020


မြူးနစ်၊ ဇူလိုင် ၃၀

ဘိုင်ယန်မြူးနစ်အသင်းသည် နောက်ခံလူအလာဘာကိုစာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့သော်လည်း လုပ်ခလစာတောင်းဆိုမှုက အတားအဆီးဖြစ်နေကြောင်း Bild ကဖော်ပြခဲ့သည်။

အသက် ၂၈ နှစ်အ ရွယ်အလာဘာသည် ၂၀၁၀ တွင် ဘိုင်ယန်မြူးနစ်အသင်း၌ စတင်နေရာရခဲ့သူဖြစ်ပြီး ခြေစွမ်းပိုင်း တိုးတက်လာခဲ့သလို စွယ်စုံရကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည်။ 

စာချုပ်သစ်အတွက် ဘိုင်ယန်မြူးနစ်အသင်းဘက်မှ လုပ်ခလစာပေါင် ၁၈ သန်းထက်ပိုပေး၍ ကမ်းလှမ်းရန်ပျက်ကွက်ခဲ့ခြင်းကြောင့် ကစားသမား၏အေးဂျင့်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရန် ခြိမ်းခြောက်မှုများရှိလာခဲ့ပြီဖြစ်သည်။ 

အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲသို့ရောက်ရှိနေသူဖြစ်ပြီး အကယ်၍ စာချုပ်သစ်အဆင်မပြေပါက ၎င်းကို ယခုနွေဈေးကွက်တွင် မဖြစ်မနေရောင်းချရဖွယ် ရှိနေသည်။ 

၎င်းကစားသမားကို မန်စီးတီးနှင့် ပီအက်စ်ဂျီတို့က ချိတ်ဆက်နေပြီး အလာဘာသည် ဘိုင်ယန်မြူးနစ်တွင်လက်တွဲခဲ့ဖူးသော ဂွါဒီယိုလာရှိရာ မန်စီးတီးသို့ဦးတည် သွားဖွယ်ရှိနေသည်။ 

နည်းပြဂွါဒီယိုလာသည် မန်စီးတီးအသင်း ဗဟိုခံစစ်တွင် လာပေါ်တီနှင့်တွဲဖက်ရန်အတွက် ကစားသမားသစ်တစ်ဦး ရှာဖွေနေပြီး အလာဘာ၊ ကူလီဘာလေနှင့် နသန်အကီတို့ကို မျက်စိကျနေသည်။

ငြိမ်းပြည့်