News

POST TYPE

SPORTS

လီဝန်ဒေါစကီးကို ကမ္ဘာ့အကောင်းဆုံးအထောင်တိုက်စစ်မှူးဟု ရူမင်နစ်ဂီ ချီးကျူး
29-Jun-2020


မြူးနစ်၊ ဇွန် ၂၈

လီဝန်ဒေါစကီးသည် ကမ္ဘာ့ အကောင်းဆုံး အထောင်တိုက်စစ်မှူးဖြစ်သည်ဟု ဘိုင်ယန်မြူးနစ်အသင်းဥက္ကဋ္ဌ ရူမင်နစ်ဂီ ကိုယ်တိုင်က ချီးကျူးခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

ဘိုင်ယန်မြူးနစ်အနေနှင့် ချန်ပီယံဆုအတွက် သေချာပြီးခဲ့သော်လည်း ရာသီပိတ်ပွဲစဉ်တွင် ဝုဖ်ဘတ်ကို ၄ ဂိုးပြတ်အနိုင် ကစားခဲ့သလို လီဝန်ဒေါစကီးကလည်း ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးတစ်ဂိုးရယူပေးခဲ့သည်။ 

ပိုလန်တိုက်စစ်မှူးအတွက် ယခု ရာသီ ဘွန်ဒက်စ်လီဂါ ၃၄ ဂိုးမြောက်ဖြစ်ခဲ့ပြီး လစ်ပ်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ၆ ဂိုးအသာယူကာ ရွှေဖိနပ်ဆုကိုပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ 

လီဝန်ဒေါစကီးသည် ယခုတစ်ကြိမ် အပါအဝင်ဘွန်ဒက်စ်လီ ဂါရွှေဖိနပ်ဆုကို ၅ ကြိမ်မြောက် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဂန္တဝင် ဂတ်မူလာ (၇ကြိမ်) ၏ နောက် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိသည်။ 

ထို့ကြောင့် ရူမင်နစ်ဂီက “ဘွန်ဒက်စ် လီဂါတစ်ရာသီအတွင်းမှာ ၃၄ ဂိုး သွင်းနိုင်ဖို့ဆိုတာ မယုံနိုင်စရာစွမ်းဆောင်မှုပါ။ ဒီလိုလုပ်ပြနိုင်တာဆိုလို့ Der Bomber လို့ နာမည်ပြောင်တွင်တဲ့ ဂတ်မူလာ တစ်ယောက်ပဲရှိပါတယ်။ ဒါကြောင့် လီဝန် ဒေါစကီးအတွက် ကျွန်တော်ဂုဏ်ယူမိသလို ကျေးဇူးလည်းတင်ပါတယ်။ သူဟာ ကမ္ဘာ့ အကောင်းဆုံး အထောင်တိုက်စစ်မှူးပါ” ဟု အသင်းတရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ချီးကျူးခဲ့သည်။ 

လီဝန်ဒေါစ ကီးသည်ဘွန်ဒက်စ်လီဂါ သွင်းဂိုး ၂၃၆ ဂိုးအထိ ရယူထားခြင်းကြောင့် ဂတ်မူလာနှင့် ကလော့စ်ဖစ်ချာတို့ပြီး နောက်ပြိုင်ပွဲသမိုင်းတစ်လျှောက် တတိယမြောက် သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် ရပ်တည်နေသည်။

ငြိမ်းပြည့်