News

POST TYPE

SPORTS

လိဂ် ၈ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးနောက် ဒင်းစမစ်ရာထူးမှ ထုတ်ပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရ
29-Jun-2020


အက်စတွန်ဗီလာ၊ ဇွန် ၂၈

အိမ်ကွင်းတွင် ဝုဗ်ကိုအရေးနိမ့်ခဲ့ပြီးနောက် အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်သည် ရာထူးမှထုတ်ပယ်ခံရမည့်အရေးနှင့် ရင်ဆိုင်နေရပြီဟု Dailymail က ဖော်ပြခဲ့သည်။ 

ပရီးမီးယားလိဂ်ပြိုင်ပွဲ ရာသီသိမ်းရန် ၆ ပွဲအလိုတွင် အက်စတွန်ဗီလာအသင်းမှာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာ တွင်ရပ်တည်နေပြီး နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့သည်။ 

တန်းတက်အသင်းများထဲ၌ ငွေကြေးအများဆုံးအဖြစ် ပေါင်သန်း ၁၄၀ သုံးစွဲ ခဲ့သော်လည်း ယခုရာသီအတွင်းခံစစ် စွမ်းဆောင်ရည် အဆိုးရွားဆုံးဖြစ်နေပြီး ဂိုး ၆၀ အထိ ခွင့်ပြုထားရသည်။ 

နည်းပြဒင်းစမစ်အနေနှင့်လည်း အက်စတွန်ဗီလာအသင်းကို တန်းဆင်းဇုန်အတွင်းမှ ကယ်ထုတ်ရန်ခက်ခဲသည့် အနေအထားဖြစ်နေပြီး ၎င်းကိုယ်တိုင် ရာထူးမှထွက်ခွာရန် အလွန်နီးစပ်လာခဲ့ပြီဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခဲ့ပြီးနောက် ရာသီလက်ကျန်ပွဲစဉ်များကို တစ်ပတ်အတွင်း အနိမ့်ဆုံး ၂ ပွဲကစား၍ ဖြတ်သန်းနေရခြင်းက အသင်းကို ပင်ပန်းစေသလို အက်စတွန်ဗီလာအသင်းအနေနှင့် ၁၁ ရက်အတွင်း ၄ ပွဲကစားရန်ရှိခဲ့ခြင်းက အခက်အခဲဖြစ်စေသည်ဟု ဒင်းစမစ်က ဆိုခဲ့သည်။ 

ဗီလာအသင်းမှာ တန်းဆင်းဇုန် အတွက်ရုန်းကန်နေရသလို ကိုရိုနာအလွန် ပြန်လာသည့်ပွဲစဉ်များတွင် ထိပ်သီး ၆ သင်း စာရင်းဝင်များနှင့်ရင်ဆိုင်နေရပြီး ပွဲစဉ်ဇယားကျပ်ကာ ရက်အနည်းငယ်သာခြား၍ ကစားနေရခြင်းကြောင့် မလွယ်ကူဟု ဒင်းစမစ်က သုံးသပ်ခဲ့သည်။

ငြိမ်းပြည့်