News

POST TYPE

SPORTS

၂၀၂၀-၂၀၂၁ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပမည်ဟုဆို
29-Jun-2020


ရန်ကုန်၊ဇွန်-၂၈

မြန်မာနေရှင်နယ်လိဂ် ကော်မတီ သည် ၂၀၂၀-၂၀၂၁ ရာသီ အမျိုးသမီးလိဂ် ပြိုင်ပွဲကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ကျင်းပနိုင်ရန် ဆောင်ရွက်နေသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပရမည် ဖြစ်သော်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နိုင်ငံတကာပြိုင်ပွဲများနှင့် တိုက်ဆိုင်နေသည့်အပြင် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ၂၀၁၉-၂၀၂၀ ရာသီ တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၀-၂၀၂၁ ရာသီမှသာ ပြန်လည်ကျင်းပနိုင်မည် ဖြစ်သည်။

နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အသင်းများအနက် အသင်းအချို့ နုတ်ထွက်ဖွယ်ရှိနေသော်လည်း အသင်းသစ်အချို့ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာလိဂ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 “အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ် ကုန်ပိုင်းမှာ ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အစောဆုံး အောက်တိုဘာလောက်မှာ ကျင်းပနိုင်ဖို့ ကြိုးပမ်းနေပြီး နောက်အကျဆုံး ဒီဇင်ဘာမှာ စတင်မှာဖြစ်ပါတယ်။ လက်ရွေးစင်အမျိုးသမီးအသင်းက ဒီနှစ်ထဲမှာ နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ဖို့မရှိပေမယ့် လူငယ်အသင်းတွေက ပြိုင်ပွဲတွေရှိ နိုင်တာကြောင့် သူတို့ရဲ့ ပြိုင်ပွဲကျင်းပမယ့် ကာလအပေါ်မှာလည်း မူတည်ပါတယ်။ နောက်တစ်ချက်က ကိုရိုနာဗိုင်းရပ်စ်အခြေအနေပေါ်မှာ မူတည်ပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။ 

အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရန် ဇွန် ၂၅ ရက်ကပြုလုပ်သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့်ရာသီတွင် ယှဉ်ပြိုင်ခဲ့သည့်အသင်းများအနက် အသင်းအချို့နုတ်ထွက်မည်ဟု သတင်းများထွက်ပေါ်နေသလို အသင်းသစ်အနေဖြင့် မန္တလေးယူနိုက်တက်အသင်းနှင့် Royal Ruby အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည်။ 

အသင်းဟောင်းအချို့ နုတ်ထွက်ပါက အနည်းဆုံးခုနစ်သင်းဖြင့် ကျင်းပနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။ 

ယခင်က အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ယူ ကျင်းပခဲ့သော်လည်းလာမည့်ရာသီမှ စတင်၍ မြန်မာနေရှင်နယ်လိဂ်ကော်မတီ က ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ 

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီကျင်းပပြီးနောက် မြဝတီအသင်းက နှစ်ကြိမ်၊ အား/ကာသိပ္ပံအသင်းက တစ်ကြိမ်အနိုင်ရ ဗိုလ်စွဲထားသည်။ 

၂၀၁၆-၂၀၁၇ ရာသီနှင့် ၂၀၁၇-၂၀၁၈ ရာသီတွင် မြဝတီအသင်းက နှစ်ကြိမ်ဆက်တိုက်နှင့် ၂၀၁၈-၂၀၁၉ ရာသီတွင် အား/ကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ချစ်ဝိုင်း