News

POST TYPE

SPORTS

မြန်မာနှင့် မွန်ဂိုလီးယား မနက်ဖြန် ခြေစစ်ပွဲကန်မည်
18-Nov-2019

မန္တလေး၊ နိုဝင်ဘာ ၁၈

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်အတွက် ခြေစစ်ပွဲစဉ်တစ်ခုဖြစ်သည့် မြန်မာလက်ရွေးစင်အသင်းနှင့် မွန်ဂိုလီယားလက်ရွေးအသင်းတို့၏ ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါပွဲစဉ်အတွက် နှစ်ဖက်အသင်းများက အဆင်သင့်ဖြစ်နေပြီး အကောင်းဆုံးပြင်ဆင်ထားပြီး ရလဒ်ကောင်းများ ထွက်ပေါ်အောင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း နှစ်ဖက်အသင်းနည်းပြများက နိုဝင်ဘာလ ၁၈ ရက်နေ့ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“မြန်မာအသင်းက အရင်ကထက် တကယ်ကိုပိုကောင်းလာတာကို တွေ့ရတယ်။ ပြီးခဲ့တဲ့ တာဂျစ်ကစ္စတန်နဲ့ပွဲမှာ ကျွန်တော်ကြည့်ခဲ့ရတယ်။ တကယ်ကောင်းလာတယ်။ မနက်ဖြန်ပွဲမှာ ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်မှာကို သိပါတယ်။ ရာသီဥတုကွာခြားမှုကတော့ အရင်ကလည်း ခြေစစ်ပွဲနှစ်ခါ လာကန်ဖူးပြီးသားဖြစ်တဲ့အတွက် အရမ်းကြီးစိန်ခေါ်မှု မဖြစ်ပါဘူး။ အဲဒါအတွက်လည်း ပြင်ဆင်ထားပြီး ဖြစ်ပါတယ်” ဟု မွန်ဂိုလီးယားအသင်းနည်းပြချုပ် Mr. Micheal Weiss က ပြောဆိုသည်။

မြန်မာအသင်းအနေဖြင့် ရထားပြီးသားသုံးမှတ်အပြင် နောက်ထပ်သုံးမှတ် ရရှိဖို့အတွက် အားရုံစူးစိုက် ကစားသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွင်း စိန်ခေါ်နိုင်သည့် အသင်းတစ်သင်းအဖြစ် ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း မြန်မာလက်ရွေးစင်အသင်း နည်းပြချုပ်က ပြောကြားသည်။

အုပ်စုပွဲစဉ်လေးပွဲအပြီးတွင် ဂျပန်အသင်းက ၁၂ မှတ်ဖြင့် အုပ်စုကိုဦးဆောင်ထားပြီး ကာဂျစ္စတန်နှင့် တာဂျစ်ကစ္စတန်တို့က ခြောက်မှတ်စီ၊ မွန်ဂိုလီးယားနှင့် မြန်မာအသင်းတို့က သုံးမှတ်စီရရှိထားသည်။

(M-04)