News

POST TYPE

SPORTS

ကာဗာနီနှင့် အမ်ဘာပီတို့ ဒဏ်ရာရခဲ့သောကြောင့် ဂျူဗင်တပ်တိုက်စစ်မှူး မန်ဇူကစ်ကိုခေါ်ယူရန် ပီအက်စ်ဂျီအသင်းဆွေးနွေးမှုများပြုလုပ်
29-Aug-2019


ပဲရစ်၊ သြဂုတ် ၂၉

လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ ဂျူဗင်တပ်တိုက်စစ်မှူး မန်ဇူကစ်ကိုခေါ်ယူရန်စကားပြောဆိုမှုများပြုလုပ်နေဟု Dailymail က ဖော်ပြခဲ့သည်။ နေမာမှာ ဘာစီလိုနာသို့ ပြန်လည်ပြောင်းရွှေ့ရန် သေချာနေချိန်တွင် ပီအက်စ်ဂျီ၏အဓိကတိုက်စစ်မှူးများဖြစ်သော ကာဗာနီနှင့် အမ်ဘာပီတို့ဒဏ်ရာအသီးသီးရရှိခဲ့ခြင်းကြောင့် မန်ဇူကစ်ကိုခေါ်ယူရန်အပြင်းအထန်ကြိုးစားလာခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်နည်းပြဆာရီမှာ အထောင်တိုက်စစ်နေရာအတွက် ၎င်းနှင့်ရေရှည်လက်တွဲဖူးသည့် ဟီဂူအင်ကိုသာပွဲထွက်အဖြစ် အသုံးပြုရန်ရှိနေပြီး စီရော်နယ်ဒို၊ ဒိုင်ဘာလာတို့ပါရှိနေခြင်းကြောင့် မန်ဇူကစ်မှာကစားခွင့်ရရန် အခြေအနေနည်းပါးနေသူဖြစ်သည်။ အင်္ဂလန်နွေဈေးကွက် မပိတ်သိမ်းမီတွင် မန်ဇူကစ်ကို ပရီးမီးယားလိဂ်ကလပ် မန်ယူက ချိတ်ဆက်ခဲ့သော်လည်း အပြီးသတ်အပြောင်းအရွှေ့ဖြစ်မလာခဲ့ပေ။ သတင်းများ၏အဆိုအရ ပုခုံးဒဏ်ရာရရှိခဲ့သော တိုက်စစ်မှူးကာဗာနီမှာ ရက်ရှည်အနားယူရဖွယ်ရှိနေသောကြောင့် ပီအက်စ်ဂျီအနေဖြင့် မန်ဇူကစ်ကို ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး နေမာ၏နေရာအတွက်ကိုပါ မဖြစ်မနေအစားထိုးရမည့် အခြေအနေတစ်ရပ်ကြောင့် အပြောင်းအရွှေ့ဖြစ်လာနိုင်ဟု ဖော်ပြနေကြသည်။ 

ဥရောပနွေဈေးကွက်မှာ စက်တင်ဘာ ၂ ရက်နေ့တွင် ပိတ်သိမ်းမည်ဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်လုပ်ဆောင်ရန် အချိန်မမီခဲ့ပါက ပီအက်စ်ဂျီအသင်းသည် မန်ဇူကစ်ကိုခေါ်ယူရန်အတွက်လာမည့် ဆောင်းဈေးကွက်အထိ စောင့်ဆိုင်းသွားမည်ဟုလည်း သိရသည်။ ပီအက်စ်ဂျီအသင်းမှာ လာမည့်ပွဲစဉ်များတွင် အထောင်တိုက်စစ်မှူးအဖြစ် ချူပိုမိုတင်းကို အသုံးပြုရဖွယ်ရှိနေသည်။

ငြိမ်းပြည့်


  • VIA