News

POST TYPE

SPORTS

ကွင်းလယ်လူရာကီတစ်အတွက် ကမ်းလှမ်းမှုရှိလာပါက ဘာစီလိုနာအသင်းထွက်ခွာခွင့်ပေးသွားမည်
28-Aug-2019


ဘာစီလိုနာ၊ သြဂုတ် ၂၈

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းသည် ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်ကို ထွက်ခွာခွင့်ပေးရန်စဉ်းစားထားဟု စပိန်နာမည်ကြီးသတင်းစာ Diario AS က ဖော်ပြခဲ့သည်။ 

ရာကီမှာ ဘာစီလိုနာအသင်းနှင့် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိသူဖြစ်သော်လည်း နည်းပြ ဗယ်လ်ဗာဒီမှာရေရှည်စီမံကိန်းအတွက် စိတ်ကူးအပြောင်းအလဲရှိလာခဲ့ပြီးနောက် ၎င်းကစားသမားကို ထွက်ခွာခွင့်ပေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟုလည်းသိရသည်။ ဘာစီလိုနာမှာ ပြီးခဲ့သည့်နှစ်တွင် ဗီဒယ်နှင့် အာသာ မယ်လိုတို့ကဲ့သို့ ကွင်းလယ်လူများကို အသင်းအတွက် အားဖြည့်ခဲ့ပြီး လက်ရှိနွေဈေးကွက်တွင်လည်း အေဂျက်ဇ်လူငယ်ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကို ခေါ်ယူထားခဲ့သည်။ 

ထို့အပြင်နည်းပြ ဗယ်လ်ဗာဒီမှာ ဘီလ်ဘာအို၊ ဘက်တစ်တို့နှင့်ကစားခဲ့သော ရာသီအဖွင့် ၂ ပွဲတွင် ရာကီတစ်ကို ပွဲထွက်လူစာရင်းမှချန်လှပ်ခဲ့ပြီးနောက် ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင် ရာကီတစ်ကို ပီအက်စ်ဂျီနှင့် ဂျူဗင်တပ်အသင်းတို့က စိတ်ဝင်စားမှုပြခဲ့ပြီး လက်ရှိတွင်အတည်တကျ ကမ်းလှမ်းမည်ဆိုပါက ဘာစီလိုနာအသင်းဘက်မှ လမ်းဖွင့်ပေးသွားရန် အဆင်သင့်ရှိနေသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ရာကီတစ်က “ရပ်တည်မှုမပြောင်းလဲသေးပါဘူး။ မနှစ်ကလည်း အခုလိုသတင်းတွေ ထွက်ပေါ်ခဲ့တာပါပဲ။ အသင်း၊နည်းပြနဲ့ ကျွန်တော့်ရဲ့စိတ်ကူးတွေအားလုံးက တစ်ထပ်တည်းပါပဲ။ ဘာစီလိုနာမှာ ဆက်လက်ကစားဖို့ရှိသလိုဒီကိစ္စနဲ့ပတ်သတ်လို့ ရှင်းရှင်းလင်းလင်းပြောပြီးသားပါ။ စာချုပ်သက်တမ်းကလည်း တစ်နှစ်ထက်ပိုတဲ့အနေအထားရှိပါတယ်”ဟု ဖွင့်ဟထားခဲ့သည်။ 

သို့ရာတွင် ဘာစီလိုနာအသင်းဘက်မှ ရာကီတစ်နှင့်ပတ်သတ်ပြီး စိတ်ကူးပြောင်းလာခဲ့သလို နည်းပြဗယ်လ်ဗာဒီကလည်း ပွဲထွက်လူစာရင်းမှ ချန်လှပ်နေခြင်းကြောင့် အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ လက်ကျန်ရက်အနည်းငယ်အတွင်း ၎င်း၏ အပြောင်းအရွှေ့ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ငြိမ်းပြည့်


  • VIA