News

POST TYPE

SPORTS

ထောက်ပံ့ငွေရရှိခဲ့မှုကြောင့် ဖိအားကင်းစွာနှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်နိုင်တော့မည်ဟု သက်ထားသူဇာ၏ဖခင်ဆို
28-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၈

၂ဝ၂၂ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူဇာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထောက်ပံ့ငွေ ပေးအပ်ခဲ့မှုကြောင့် သက်ထားသူဇာသည် လာမည့်ပြိုင်ပွဲများကို ဖိအားကင်းစွာယှဉ်ပြိုင်နိုင်တော့မည်ဖြစ်ကြောင်း သူမ၏ဖခင် ဦးထွန်းထွန်းဇော်က ပြောသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံတွင် နှစ်လကြာသွားရောက်လေ့ကျင့်နေပြီး ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေသော်လည်း ပြိုင်ပွဲဝင်ရန် ဝင်ကြေးပေးသွင်းရမှုအခက်အခဲနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် ပြိုင်ပွဲတွင် လွတ်လပ်စွာယှဉ်ပြိုင်နိုင်ခြင်းမရှိပဲ ဖိအားဒဏ်ကို ခံစားခဲ့ရကြောင်း ၎င်းက ဆိုသည်။

“ ကိုယ့်စရိတ်နဲ့ကိုယ်သွားပြီးပြိုင်ရတဲ့ ပြိုင်ပွဲတွေဖြစ်တာကြောင့် ပိုက်ဆံအခက်အခဲလေးတွေ ရှိခဲ့တယ်။ ဒါတွေကြောင့်လည်းသူက ပြိုင်ပွဲမှာ ဖိအားဒဏ်ကို ခံနေရတယ်။အခုလိုထောက်ပံ့ပေးတာကို အတိုင်းမသိ ဝမ်းသာမိပါတယ်။ သူ့အနေနဲ့ နောက်လာမယ့် ပြိုင်ပွဲတွေကို ဖိအားကင်းကင်းနဲ့ ပြိုင်နိုင်ပါပြီ။”ဟု ဦးထွန်းထွန်းဇော်က ပြောသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာကို ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ငါးထောင်ကို သြဂုတ် ၂၇ ရက်က သူမ၏ဖခင်ဖြစ်သူ ဦးထွန်းထွန်းဇော်ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

သက်ထားသူဇာသည် ယခုလအကုန်တွင် ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်မှုပြီးစီးမည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှကြက်တောင်ပြိုင်ပွဲကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကမ္ဘာ့အဆင့် ၁ဝဝ အတွင်း ဝင်ရောက်ထားရန် လိုအပ်နေပြီး လက်ရှိတွင် အဆင့် ၇ဝ ၌ ရပ်တည်နေသည်။ 

သက်ထားသူဇာသည် ယခုနှစ်အကုန်ထိ ပြည်ပပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်ခြင်းကြောင့် ဝန်ကြီးဌာနနှင့် အဖွဲ့ချုပ်တို့မှ ထောက်ပံ့ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှတာဝန် ရှိသူတစ်ဦးက ပြောသည်။

ချစ်ဝိုင်း


  • VIA