News

POST TYPE

SPORTS

အင်တာကို ဆန်းချက်ဇ် ပြောင်းတော့မယ်
28-Aug-2019


လန်ဒန်၊ သြဂုတ် ၂၈

စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူးဆန်းချက်ဇ်ကို ပေါင် ၄ ဒသမ ၅သန်းတန် အငှားစာချုပ်နဲ့ခေါ်ယူဖို့ သဘောတူခဲ့ညီမှုရခဲ့ပြီဖြစ်ပါတယ်။

မန်ယူဟာ အာဆင်နယ်အသင်းက ဆန်းချက်ဇ်ကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတာဖြစ်ပြီး ချီလီတိုက်စစ်မှူးဟာ မန်ချက်စတာအခြေစိုက်အသင်းမှာ တစ်နှစ်လုပ်ခ ပေါင် ၂၁ သန်း ဝန်းကျင်အထိ ရရှိနေသူဖြစ်ပါတယ်။

အင်တာမီလန်ကတော့ တစ်နှစ်အငှားစာချုပ်အတွက် ပေါင် ၄ ဒသမ ၅ သန်းဝန်းကျင်သာ ပေးချေသွားမှာဖြစ်ပြီး အငှားစာချုပ်ကုန်တာနဲ့ အပြီးသတ်ခေါ်ယူဖို့ကိစ္စကို စာချုပ်မှာထည့်သွင်းမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဆန်းချက်ဇ်ဟာ မန်ယူမှာ တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းနီးပါးရရှိသူဖြစ်ပေမယ့် အင်တာမီလန်ဘက်ကတော့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းခွဲထက်ပိုပေးဖို့ဆန္ဒမရှိခဲ့ပါဘူး။

အသင်းနှစ်သင်းကြား သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်လို့ ဆန်းချက်ဇ်ဟာ အင်တာမီလန်က မန်ယူအသင်းဖော်ဟောင်း လူကာကူနဲ့ ပြန်တွဲကစားရတော့မှာဖြစ်ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ကတော့ အိုးလ်ထရက်ဖို့ဒ် အိပ်မက်ဆိုးကနေ ရုန်းထွက်နိုင်ခဲ့တာဖြစ်သလို နည်းပြဆိုးလ်ရှားဘက်ကလည်း တိုက်စစ်အတွက် လူငယ်ကစားသမား ဂရင်းဝုဒ်ကို နေရာပေးဖို့ရှိနေသလို လာမယ့်နှစ်မှာ ဒေါ့တ်မန်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ရှိနေတာကြောင့် ဆန်းချက်ဇ်ကို အသင်းကနေရှင်းထုတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အင်တာမီလန်ဘက်က တစ်နှစ်အငှားစာချုပ်အတွက် ပေါင် ၄ ဒသမ ၅ သန်းသာပေးချေဖို့ရှိတာကြောင့် မန်ယူအနေနဲ့ ဆန်းချက်ဇ်ကိုခေါ်ယူခဲ့စဉ်က စာချုပ်ပါအချက်အလက်အတိုင်း လက်ကျန်လစာငွေတွေကို ပုံမှန်အတိုင်းပေးချေရဖို့ရှိနေပါတယ်။

ငြိမ်းပြည့်


  • VIA