News

POST TYPE

SPORTS

နေမာနှင့် စီရော်နယ်ဒိုသည် လာလီဂါပြိုင်ပွဲတွင် မက်ဆီလောက် အရေးမပါကြောင်း တီဘက်စ် ဖွင့်ဟ
27-Aug-2019


စပိန်၊ သြဂုတ် ၂၇

လာလီဂါပြိုင်ပွဲအတွက် မရှိမဖြစ် ကစားသမားမှာ မက်ဆီသာဖြစ်ပြီး နေမာနှင့် စီရော်နယ်ဒိုတို့သည် မက်ဆီကဲ့သို့ အရေးမပါကြောင်း လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဂျာဗီယာတီဘက်စ်က ဖွင့်ဟပြောဆိုသည်။ 

မက်ဆီ၏ မဟာပြိုင်ဘက်ဖြစ်သော စီရော်နယ်ဒိုသည် စီးရီးအေပြိုင်ပွဲသို့ ပြောင်းရွှေ့သွားခဲ့ပြီး နေမာမှာလည်း  လီဂူး-၁ ပြိုင်ပွဲသို့ ပြောင်းရွှေ့ကစားနေသည်။ သို့သော် လက်ရှိအချိန်တွင် စီရော်နယ်ဒိုမှာ ဂျူဗင်တပ်အသင်းအား စွန့်ခွာရန်အစီအစဉ်မရှိသေးသော်လည်း နေမာမှာမူ ဘာစီလိုနာသို့ ပြန်လာဖွယ်ရှိနေသည်ဟု သတင်းထွက်နေကြောင်း Goal.com က ဖော်ပြသည်။ 

ထို့ကြောင့် နေမာ၏ အပြန်လမ်းကို နှစ်သက်မှုရှိသော်လည်း မက်ဆီသာလျှင် လာလီဂါပြိုင်ပွဲအတွက် အရေးအကြီးဆုံး ကစားသမားဖြစ်သည်ဟု တီဘက်စ်က ပြောဆိုသည်။ 

“နေမာပြန်လာတာကို ကျွန်တော်ကြိုက်ပါတယ်။ သူ့ရဲ့ အရည်အသွေးအရဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၃ ဦးထဲက တစ်ယောက်ပါ။ သူဒီကို ပြန်လာမယ်ဆိုရင်လည်း လာလီဂါအတွက် အရမ်းကို ကောင်းမွန်ပါတယ်။ ဒါက လာလီဂါအတွက် ဖွင့်ဆိုချက်မျိုးတော့ မဟုတ်ပါဘူး။ တကယ့် ဖွင့်ဆိုချက်အစစ်က ကျွန်တော်တို့ဟာ အသင်း ၂၀ ပါဝင်ပြီး ၁၀ လ ကစားရတယ်။ တစ်သင်းချင်းစီဟာ နိုင်လိုစိတ်တွေ ရှိနေကြပြီး သီတင်းပတ်တိုင်းမှာ ပရိသတ်တွေကို ဖျော်ဖြေမှုတွေ ပေးနေကြပါတယ်။ နေမာလို ကစားသမား မျိုးဟာ နိုင်ငံပေါင်းများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ပေမယ့် မရှိမဖြစ် ကစားသမားမဟုတ်ပါဘူး။ စီရော်နယ်ဒိုတောင် အဲဒီလိုမျိုး ကစားသမားမဟုတ်ပါဘူး။ မက်ဆီကသာ မရှိမဖြစ် ကစားသမားပါ။ ဘာကြောင့်လဲဆိုတော့ သူက လာလီဂါပြိုင်ပွဲရဲ့ အမွေအနှစ်ဖြစ်လို့ပါပဲ”ဟု တီဘက်စ်က ဆိုခဲ့သည်။ မက်ဆီသည်ဒဏ်ရာကြောင့် လာလီဂါအဖွင့်ပွဲစဉ် ၂ ပွဲကို ကစားခွင့်လွဲချော်ထားသူဖြစ်သည်။

ငြိမ်းပြည့်


  • VIA