News

POST TYPE

SPORTS

အင်တာမီလန်အသင်းနှင့်အတူ အကောင်းဆုံးနည်းလမ်းဖြင့် လူကာကူ ပါဝင်လာနိုင်ပြီဟု နည်းပြကွန်တီပြောဆို
27-Aug-2019


မီလန်၊ သြဂုတ် ၂၇

ယခု နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် မန်ယူမှ အင်တာမီလန်သို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်စစ်မှူးသစ် လူကာကူသည် အသင်းနှင့်အတူ အကောင်းဆုံးနည်းလမ်းဖြင့် ပူးပေါင်းပါဝင်လာနိုင်ပြီဖြစ်ကြောင်း နည်းပြကွန်တီက ချီးမွမ်းပြောဆိုလိုက်သည်။ 

လက်ချီအသင်းအား ၄-၀ ဖြင့် အနိုင်ရခဲ့သော စီးရီးအေအဖွင့် ပွဲစဉ်တွင် လူကာကူသည် အသင်းအတွက် တတိယမြောက်သွင်းဂိုးအား သွင်းယူပေးနိုင်ခဲ့သည်။ ကစားပုံအားနည်းချက်အချို့ ရှိသော်လည်း အသင်းဖော်သစ်များနှင့်အတူ အပေးအယူ မျှတစွာ ကစားနိုင်ခဲ့သည့်အတွက် လူကာကူအပေါ် နည်းပြကွန်တီက ယခုလို ချီးမွမ်းပြောဆိုလိုက်ကြောင်း Goal.com က ဖော်ပြသည်။

“လူကာကူက အသင်းကို နှိမ့်ချမှုနဲ့အတူ အကောင်းဆုံးနည်းလမ်းနဲ့ ပေါင်းစပ်ပါဝင်လာနိုင်ခဲ့ပါပြီ။ သူက လူရည်မွန် တစ်ယောက်ဖြစ်တယ်။ သူက အမြဲတမ်း ပြုံးနေတတ်တဲ့လူတစ်ယောက်ပါ။ သူက အသင်းနဲ့အတူ အလုပ်လုပ် ဖို့အတွက် အဆင်သင့်ဖြစ်နေပြီး အသင်းဖော်တွေကိုလည်းကူညီပေးဖို့အဆင်သင့်ပါပဲ”ဟု အင်တာမီလန်နည်းပြသစ် ကွန်တီက ပြောဆိုသွားခဲ့သည်။

တန်းတက်လက်ချီအသင်းမှာ အင်တာမီလန်ကို သူတင်ကိုယ်တင် တိုက်စစ်ဖွင့် ကစားခဲ့သော်လည်း လူကာကူအပါအဝင် အင်တာ၏ ကွင်းလယ်နှင့် တိုက်စစ်ကစားသမားများက အခွင့်အရေးအသုံးချနိုင်မှုအပိုင်း အားကောင်းခဲ့သောကြောင့် ယခုကဲ့သို့ ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံတိုက်စစ်မှူးမှာ အဖွင့်ပွဲစဉ်မှာပင် နည်းပြကွန်တီ၏ ယုံကြည်မှုကို ရယူနိုင်ခဲ့သည်။ ကွန်တီသည် ချဲလ်ဆီးနည်းပြအဖြစ်ရှိစဉ် ကာလကတည်းက လူကာကူကိုခေါ်ယူရန် စိတ်ဝင်စားခဲ့ဖူးသူလည်းဖြစ်သည်။ အင်တာမီလန်အသင်းသည် လက်ချီကို ၄-၀ ရလဒ်ဖြင့် အနိုင်ရရရှိခဲ့သည့်အတွက် စီးရီးအေ ပွဲစဉ်-၁ အပြီးတွင် အမှတ်ပေးဇယားကို ထိပ်ဆုံးမှ ဦးဆောင်နေသည်။ 

ငြိမ်းပြည့်



  • VIA