News

POST TYPE

SPORTS

ဇီဒန်းနှင့်လမ်းခွဲဖြစ်ခဲ့ပါက နည်းပြဟောင်းမော်ရင်ညိုအားမထင်မှတ်သည့်အနေအထားဖြင့် ရီးရဲလ်အသင်းပြန်လည်ခေါ်ယူဖွယ်ရှိ
26-Aug-2019


မက်ဒရစ်၊ သြဂုတ် ၂၆

လက်ရှိတွင်အသင်းလက်မဲ့ဖြစ်နေသော နည်းပြမော်ရင်ညိုမှာ အသင်းဟောင်းရီးရဲလ်ကိုပြန်လည်ကိုင်တွယ်ရန်အတွက် ချိတ်ဆက်မှုများပြုနေသည်ဟု Football Espana ကဖော်ပြခဲ့သည်။

နည်းပြဇီဒန်းမှာ ရီးရဲလ်ကို ပထမဆုံးအကြိမ်တာဝန်ယူစဉ် ၂၀၁၆ မှ ၂၀၁၈အတွင်း ချန်ပီယံလိဂ်သရဖူကို ၃ကြိမ်ဆက်ရယူပြီး လာလီဂါချန်ပီယံတစ်ကြိမ်ဖြစ်အောင်စွမ်းဆောင်ပေးခဲ့ပြီးနောက် ၂၀၁၈ဇွန်လတွင်အသင်းမှ ထွက်ခွာခဲ့သည်။ အဆိုပါအချိန်၌ ရီးရဲလ်ဥက္ကဠ ပီရက်ဇ်နှင့် ဇီဒန်းတို့ကြားတွင်ဆက်ဆံရေးတင်းမာမှုများရှိခဲ့သည်ဟု သတင်းထွက်ခဲ့သော်လည်း ဇီဒန်းမှ ပြီးခဲ့သည့် မတ်လတွင်အသင်းကို တကျော့ပြန်တာ ဝန်ယူခဲ့သည်။ သို့ရာတွင် နည်းပြဇီဒန်း၏ဒုတိယမြောက်ဘာနေဗျူးခရီးစဉ်မှာ ယခင်ကလောက်ချောမွေ့ခြင်းမရှိသလို ရာသီကြိုကာလတစ်လျှောက်လုံးဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။ 

အသင်းဥက္ကဋ္ဌ ပီရက်ဇ်မှာ နွေဈေးကွက်အတွင်း၌ နည်းပြဇီဒန်းအတွက် ယူရိုသန်း ၃၀၀ကျော်သုံးစွဲပြီးအသင်းကိုပြင်ဆင်ခွင့်ပေးခဲ့သော်လည်း ရာသီအဖွင့် ၂ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ်သာဖန်တီးထားနိုင်သလို ဂါရတ်ဘေးလ်အပါအဝင်ကစားသမားအချို့နှင့် ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။ လက်ရှိတွင် ဇီဒန်းမှာ ဖိအားများနှင့်ရင်ဆိုင်နေရပြီး ၎င်းနှင့်လမ်းခွဲပါက မော်ရင်ညိုကိုပြန်လည်ခေါ်ယူလိမ့်မည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။ မော်ရင်ညိုမှာ ရီးရဲလ်နှင့်အတူ ၂၀၁၂တွင် လာလီဂါချန်ပီယံဆုပိုင်ဆိုင်ခဲ့သူဖြစ်ပြီး တရုတ်စူပါလိဂ်ကလပ်များ၏ကမ်းလှမ်းမှုကိုငြင်းဆန်ထားသူဖြစ်သည်။ ၎င်းအနေဖြင့် ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲများတွင်သာ နည်းပြအဖြစ်တာဝန်ယူရန်စောင့်ဆိုင်းနေသည်ဟုဖွင့်ဟထားသည့်အပြင် ယခုကဲ့သို့သတင်းများထွက်ပေါ်လာခြင်းကြောင့် ရီးရဲလ်နည်းပြဇီဒန်း၏အနာဂါတ်မှာ စိုးရိမ်စရာဖြစ်လာခဲ့သည်။

ငြိမ်းပြည့်


  • VIA