News

POST TYPE

SPORTS

မက်ဆီဂိုးသွင်းနေကျပုံစံကို ပုံတူကူးချခဲ့သည်ဟု ဂရေ့ဇ်မန်းဝန်ခံ
26-Aug-2019


ဘာစီလိုနာအသင်းဟာလာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုရဲ့အိမ်ကွင်း ဆမ်မာမက်စ်ကိုသွားရောက်ကစားတဲ့ပွဲမှာ မက်ဆီမပါနိုင်ခဲ့သလို ပြိုင်ဘက်ကို ဝ-၁နဲ့အရေးနိမ့်ခဲ့ပါတယ်။ 

အဲဒီပွဲစဉ်အပြီးမှာ မက်ဆီအပြင် တွဲဖက်တိုက်စစ်မှူးတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ဒမ်ဘီလီတို့ပါ ဘာစီလိုနာအသင်းရဲ့ဒဏ်ရာရစာရင်းထဲကိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဘက်တစ်နဲ့ ပွဲစဉ် -၂ မှာတော့ ဂရေ့ဇ်မန်းက ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကို ဦးဆောင်ခဲ့သလို သူ့ရဲ့သွင်းဂိုး ၂ ဂိုး အပါအဝင် အိမ်ကွင်းနူးကမ့်မှာ ဘက်တစ်ကို ၅-၂ နဲ့ အနိုင်ရအောင်စွမ်းဆောင်ပြခဲ့ပါတယ်။ ဒီပွဲစဉ်ဟာ ဘာစီလိုနာကို ပြောင်းရွှေ့လာပြီးတဲ့နောက် ဂရေ့ဇ်မန်းရဲ့ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ခဲ့တာပါ။ 

အဓိကတိုက်စစ်မှူးတွေမပါနိုင်ချိန်မှာ ဂရေ့ဇ်မန်းနဲ့ လူငယ်ကစားသမား ကာလက်စ်ပီရက်ဇ်တို့က ဘာစီလိုနာတိုက်စစ်မှာ အထူးခြေစွမ်းပြသွားနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အသင်းဖော်တွေရဲ့ ကြိုးစားအာထုတ်မှုနဲ့ပတ်သတ်လို့ ဂရေ့ဇ်မန်းက အခုလိုချီးကျူးသွားခဲ့ပါတယ်။ “အဖွင့်ပွဲစဉ်မှာ ဘီလ်ဘာအိုကိုရှုံးခဲ့တဲ့အတွက် ကျွန်တော်တို့ဟာ ဘက်တစ်နဲ့ပွဲမတိုင်ခင် တစ်ပတ်လုံး ခက်ခက်ခဲခဲကြိုးစားခဲ့ကြပါတယ်။ ဘီလိဘာအိုကိုအရေးနိမ့်တဲ့နောက် ဘယ်လိုမှတ်ချက်တွေပေးလာကြမလဲဆိုတာ သိပြီးသားပါ။ ကျွန်တော်တို့ တုံ့ပြန်နိုင်ခဲ့ပါပြီ။ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေ ဒဏ်ရာရနေချိန်မှာ ကျန်ကစားသမားတွေက တစ်ဆင့်တက်ပြီးလုပ်ဆောင်နိုင်ခဲ့ကြပါတယ်”ဟု အသင်းဖော်တွေအားလုံးကို ဂရေ့ဇ်မန်းက ချီးကျူးခဲ့ပါတယ်။ 

ဂရေ့ဇ်မန်းသွင်းယူခဲ့တဲ့ ဒုတိယဂိုးဟာ မက်ဆီအဆုံးသတ်နေကြ ပုံစံမျိုးဖြစ်ခဲ့တဲ့အပေါ်မှာတော့ “မက်ဆီဟာ လေ့ကျင့်ရေးကွင်းမှာ အဲ့ဒီလိုပုံစံမျိုးနဲ့ ဂိုးတွေသွင်းနေတာကိုမြင်ခဲ့သလို ကျွန်တော်ပုံတူကူးချဖို့လည်း ကြိုးစားခဲ့ပါတယ်”လို့ ပြင်သစ်တိုက်စစ်မှူးကဆိုခဲ့ပါတယ်။

ငြိမ်းပြည့်


  • VIA