News

POST TYPE

SPORTS

ဗန်ဒိုက်ရဲ့မှတ်တမ်းကောင်းကို ၅၃၉ ရက်အကြာမှာ ရိုက်ချိုးပစ်နိုင်ခဲ့တဲ့ နီကိုလက်စ်ပီပီ
25-Aug-2019


လီဗာပူးအသင်းကို စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၇၅ သန်းနဲ့ ရောက်လာခဲ့တဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်ဟာ ၂၀၁၈ မတ်လနောက်ပိုင်းပြိုင်ဘက်က စားသမားတွေရဲ့ လိမ်ခေါက်ကျော်ဖြတ်ခြင်းမခံရတာဟာ ပြိုင်ပွဲစုံ ၄၉ ပွဲအထိရှိခဲ့ပါတယ်။ 

၂၀၁၈ မတ်လမှာ ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်ကွင်းလယ်လူ မီခေးလ်မီရီနိုက ဗန်ဒိုက်ကို လိမ်ခေါက်ကျော်ဖြတ်ပြခဲ့ပြီးတဲ့နောက်ပိုင်း မက်ဆီအပါအဝင် ဥရောပထိပ်တန်းကစားသမားတွေအားလုံး ဗန်ဒိုက်ကို မကျော်ဖြတ်နိုင်တာဟာ ပွဲစဉ် ၄၉ ပွဲ၊ ရက်အားဖြင့် ၅၃၈ ရက်ကြာမြင့်ခဲ့ပါတယ်။ 

အန်ဖီးလ်မှာ လီဗာပူးက အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲစဉ်မှာတော့ ဗန်ဒိုက်ရဲ့မှတ်တမ်းကောင်းဟာ လိုင်လီကနေ အာဆင်နယ်ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ နီကိုလက်စ်ပီပီကြောင့် ကျိုးပျက်သွားခဲ့ရပါပြီ။ ပီပီဟာ နယူးကာဆယ်၊ ဘန်လေတို့နဲ့ ပရီးမီးယားလိဂ်အဖွင့် ၂ ပွဲမှာ လူစားဝင်အဖြစ်သာပါဝင်ခွင့်ရခဲ့ပေမဲ့ လီဗာပူးနဲ့ပွဲမှာတော့ အာဆင်နယ်အတွက်ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ခဲ့သလို ဗန်ဒိုက်ရဲ့မှတ်တမ်းကို ပွဲ ၅၀ မြောက်၊ ရက်အားဖြင့် ၅၃၉ရက်အကြာမှာ ရိုက်ချိုးသွားခဲ့တာပါ။ 

ပထမပိုင်းပွဲချိန်အတွင်းမှာ ညာတောင်ပံကနေထိုးဖောက်လာတဲ့ ပီပီကိုတားဆီးဖို့ ဗန်ဒိုက်ကြိုးစားခဲ့ပေမဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ လှလှပပနဲ့ လိမ်ခေါက်ပြသွားခဲ့ပါတယ်။ နီကိုလက်စ်ပီပီဟာ အဲဒီပွဲမှာရရှိခဲ့တဲ့ အခွင့်အရေးအချို့ကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေမဲ့ လီဗာပူးခံစစ်က ရောဘတ်ဆန်၊ ဗန်ဒိုက်နဲ့ မာတစ်တို့ကိုဖိအား ပေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြခဲ့သလို အရည်အသွေးမြင့်ပြီး တည်ငြိမ်တဲ့ တိုက်စစ်ကစားသမားတစ်ယောက် ဖြစ်တယ်ဆိုတာကို သက်သေပြသွားခဲ့ပါတယ်။

ငြိမ်းပြည့်


  • VIA