News

POST TYPE

SPORTS

အေဘရာဟမ်မှာ ချဲလ်ဆီး၏ အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည်ဆက်ရှိနေလိမ့်မည်ဟု ဂျိုကိုးလ်နှင့် ပီတာခရော့ချ်တို့ချီးကျူး
25-Aug-2019


လန်ဒန်၊ သြဂုတ် ၂၅

ချဲလ်ဆီး၏ ကျောနံပါတ် ၉ ကစားသမားများအားလုံး ရုန်းကန်ရတတ်သည့် အစဉ်အလာဆိုးရှိသော်လည်း လူငယ်တိုက်စစ်မှူး အေဘရာဟမ်က အဆိုပါအစဉ်အလာကိုချေဖျက်ကာ အသင်းတွင် အဓိကတိုက်စစ်မှူးအဖြစ် ကာလရှည်ဆက်ရှိနေလိမ့်မည်ဟု အင်္ဂလန်လက်ရွေးစင်ဟောင်းများဖြစ်သည့် ဂျိုကိုးလ်နှင့် ပီတာခရော့ချ်တို့ကသုံးသပ်ခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

အေဘရာဟမ်သည် နောဝှစ်ချ်နှင့်ရင်ဆိုင်ခဲ့သော အဝေးကွင်းပွဲစဉ်တွင် ချဲလ်ဆီးအတွက် ၂ ဂိုးသွင်းပေးခဲ့ပြီး နည်းပြလမ်းပတ်နှင့် အတူပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲကို ပုံဖော်နိုင်ခဲ့သည်။ အဆိုပါပွဲအပြီးတွင် ချဲလ်ဆီးကွင်းလယ်လူဟောင်း ဂျိုကိုးလ်က အသက် ၂၁ နှစ်အရွယ်သာရှိသေးသည့် အေဘရာဟမ်မှာ တောက်ပသည့် အနာဂါတ်ရှိသူဟု ထုတ်ဖော်ချီးကျူးခဲ့သည်။ BT Sport ၌ ပွဲအစီအစဉ်တင်ဆက်သူအဖြစ် ပါဝင်ခဲ့သော ဂျိုကိုးလ်က “ချဲလ်ဆီးအသင်းရဲ့အထောင်တိုက်စစ်မှူးနေရာမှာ အေဘရာဟမ် ကာလရှည်ရပ်တည်နိုင်ပါလိမ့်မယ်။ ကစားပုံနဲ့ကြံ့ခိုင်မှုအပိုင်းပြောစရာမရှိပါဘူး။ လူငယ်ကစားသမားတစ်ယောက်အနေနဲ့ ဒီထက်တိုးတက်ဖို့ဆက်ကြိုးစားရမှာဖြစ်ပေမဲ့ ချဲလ်ဆီးရဲ့ ကျောနံပါတ် ၉ နေရာမှာ သူအချိန်အကြာကြီး ရပ်တည်နိုင်ပါလိမ့်မယ်။ ဒီကိစ္စအတွက်အကြောင်းပြချက်ပေးစရာကို မရှိပါဘူး”ဟု ချီးကျူးခဲ့သည်။ 

အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်ကလည်း အေဘရာဟမ်၏ ဘောလုံးကိုင်တွယ်ပုံ၊ ကွင်းလယ်နှင့်ချိတ်ဆက်ကစားပုံတို့မှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်သည်ဟု ထောက်ခံပေးခဲ့သည်။ နည်းပြဖရန့်လမ်းပတ်အနေဖြင့်လည်း ဝေဖန်မှုများရှိနေသည့်ကြားမှ အေဘရာဟမ်နှင့် မေဆင်မောင့်တို့ကဲ့သို့ လူငယ်များကို ယုံကြည်စွာအသုံးပြုနေခြင်းမှာ မှန်ကန်မှုရှိပြီး နောဝှစ်ချ်နှင့်ပွဲစဉ်အပြီးတွင် အဆိုပါဝေဖန်သံများ တိတ်ဆိတ်သွားခဲ့ပြီဟု ပီတာခရော့ချ်က ဆိုလိုက်သည်။ ဂျိုကိုးလ်ကလည်း ကစားသမားတစ်ယောက်၏ အရည်အသွေးမှာ အသက်အရွယ်အပိုင်းအခြားနှင့် မသက်ဆိုင်ဟုဆိုကာ အေဘရာဟမ်နှင့် မေဆင်မောင့်တို့ကို ရဲရဲဝံ့ဝံ့ပွဲထွက်ခွင့်ပေးနေသည့် နည်းပြလမ်းပတ်ကို ထောက်ခံခဲ့သည်။

ငြိမ်းပြည့်



  • VIA