News

POST TYPE

SPORTS

ကွင်းလယ်ဒိုင် ပေါလ်တီယာနေး၏ ဆုံးဖြတ်ချက်အချို့မှာ စိတ်ပျက်စရာဖြစ်ခဲ့ဟု မန်ယူနည်းပြဆိုးလ်ရှားဝေဖန်
25-Aug-2019


မန်ချက်စတာ၊ သြဂုတ် ၂၅

ပဲလေ့စ်ကို အရေးနိမ့်ခဲ့သည့်ပွဲစဉ်တွင် သေချာပေါက်ပင်နယ်တီ်ရလောက်သည့် အခွင့်အရေး ၂ ကြိမ်ကို VAR ပြန်မကြည့်ဘဲ ပယ်ချခဲ့သည့် ကွင်းလယ်ဒိုင် ပေါလ်တီယာနေး၏ ဆုံးဖြတ်ချက်များကို မန်ယူနည်းပြဆိုးလ်ရှားဝေဖန်ခဲ့ဟု Dailymail က ဖော်ပြခဲ့သည်။ 

မန်ယူသည်အိုးလ်ထရက်ဖို့ဒ်တွင် ရက်ဖို့ဒ်၏ ပင်နယ်တီလွဲချော်မှုနှင့်အတူ အရေးနိမ့်ခဲ့သည်မှာမှန်သော်လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်အချို့ကြောင့် နစ်နာခဲ့ရဟု နည်းပြဆိုးလ်ရှားကယူဆနေသည်။ ပဲလေ့စ်နောက်ခံလူ မာတင်ကယ်လီအနေဖြင့် မာရှယ်နှင့် ဒန်နီရယ်ဂျိမ်းစ်တို့အပေါ် ဖျက်ထုတ်ခဲ့မှုများမှာ ပင်နယ်တီရခဲ့သင့်သလို မာရှယ်၏ အပိုင်အခွင့်အရေးကို ဥပဒေပြင်ပလူဖိကစားခဲ့သည့် ဂယ်ရီကာဟေးလ်၏လုပ်ရပ်မှာ ပင်နယ်တီဖြစ်သင့်ပြီး အစောပိုင်းအဝါကတ်ပြစ်ဒဏ် တစ်ကြိမ်ထိထားသည့် ကာဟေးလ်မှာ အနီကတ်ဖြင့် ထုတ်ပယ်ခံရသင့်ဟု ဆိုးလ်ရှားက ယုံကြည်နေသည်။ 

သို့ရာတွင်ကွင်းလယ်ဒိုင် ပေါလ်တီယာနေးက မျက်ကွယ်ပြုခဲ့သည့်အပေါ်ဆိုးလ်ရှားက “မာရှယ်ရဲ့ဖြစ်ရပ်ကတော့ လုံးဝပင်နယ်တီပါ။ ကွင်းလယ်ဒိုင်ဟာ ဒီပွဲစဉ်ကိုအကောင်းဆုံး တာဝန်မယူနိုင်ခဲ့ပါဘူး။ ၁၀၀ကီလိုလောက်ရှိတဲ့ နောက်ခံလူတစ်ယောက်သာ သူ့ရဲ့ပုခုံးကို ဖိမဆွဲဘူးဆိုရင် အဲ့ဒီအခွင့်အရေးကို မာရှယ်ချော်ထွက်သွားစရာအကြောင်းမရှိပါဘူး။ VAR ကလည်း ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းလဲပေးနိုင်တာ အံ့အားသင့်စရာပါ”ဟု ဝေဖန်ခဲ့သည်။ 

ဆက်လက်ပြီးဆိုးလ်ရှားက ဝုဗ်၊ ပဲလေ့စ်တို့နှင့် ၂ ပွဲဆက်တွင် ဟန်ဆောင်လှဲချသည်ဟုဆိုကာ အဝါကတ်ပြသခံခဲ့ရသော လူငယ်ကစားသမား ဒန်နီရယ်ဂျိမ်းစ်မှာ မြန်နှုန်းကို အားပြုကစားတတ်သောကြောင့် မကြာခဏလဲကျနေခြင်းဖြစ်ပြီး ဒိုင်ဗင်သမားတစ်ဦးမဟုတ်ဟု ကာကွယ်ပေးခဲ့သည်။ VAR နှင့် တိတိကျကျပြန်ကြည့်မည်ဆိုပါက ဒန်နီရယ်ဂျိမ်းစ်မှာ ပြိုင်ဘက်ကစားသမားများ၏ ဟန့်တားခြင်းခံခဲ့ရသည်ကို အထင်အရှားမြင်နိုင်လိမ့်မည်ဟုလည်း ဆိုခဲ့သည်။

ငြိမ်းပြည့်


  • VIA