News

POST TYPE

SPORTS

ပြိုင်ဘက်အဖြစ်မရင်ဆိုင်ချင်ဆုံးမှာ အဂူရိုဖြစ်ပြီး တွဲကစားဖူးသမျှထဲတွင် အကြီးကျယ်ဆုံးကစားသမား ဖာမီနိုဖြစ်သည်ဟု ဗန်ဒိုက်ဖွင့်ဟ
25-Aug-2019


လီဗာပူး၊ သြဂုတ် ၂၅

မန်စီးတီးတိုက်စစ်မှူးအဂူရိုမှာ ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်ဖြစ်ပြီး ကစားဖော်အဖြစ်တွဖက်ခဲ့ဖူးသမျှထဲတွင် ဖာမီနိုကအကြီးကျယ်ဆုံးဖြစ်သည်ဟု လီဗာပူးနောက်ခံလူ ဗန်ဒိုက်ဖွင့်ဟခဲ့ကြောင်း Dailymail ကဖော်ပြခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် ဗန်ဒိုက်မှာ လီဗာပူးတွင် ဆာလက်နှင့် မာနေးတို့ကဲ့သို့ တောက်ပသည့် ကစားသမားများရှိသော်လည်း ဖာမီနိုကိုသာ အကောင်းဆုံးအဖြစ် အံ့အားသင့်ဖွယ်ရွေးချယ်ခဲ့သည်။

ဗန်ဒိုက်သည် ဆောက်သမ်တန်မှ ပေါင် ၇၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် လီဗာပူးအသင်းသမိုင်းတွင် ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားပိုင်ဆိုင်အောင် အဓိကနေရာမှပါဝင် ပေးခဲ့သူဖြစ်သလို စစ်တမ်းများအရ ၎င်းကို ကျော်ဖြတ်ဂိုးသွင်းနိုင်သည့် တိုက်စစ်မှူးရှားပါးလျက်ရှိသည်။ ကစားသမားဘဝဖြတ်သန်းခဲ့မှုတွင် အကောင်းဆုံးအသင်းဖော်၏ အမည်ကို talkSPORT က မေးမြန်းခဲ့ရာ၌ ဗန်ဒိုက်က “အခြားသော အသင်းဖော်တွေအားလုံးထက် အနည်းငယ်ဘက်လိုက်ပြီး ပြောရမယ်ဆိုရင်တော့ ဖာမီနိုပါ”ဟု အံ့အားသင့်ဖွယ်ဆိုခဲ့သည်။ 

ဖာမီနိုသည် ဆာလက်၊ မာနေးတို့လောက် ဂိုးသွင်းနိုင်သူမဟုတ်သော်လည်း ဂျာဂင်ကလော့ပ်အထိုင်ချထားသည့် လီဗာပူးအသင်းတွင်အရေးပါသည့် ကစားသမားအဖြစ်ပါဝင်နေပြီး ဟော့ဖန်ဟိမ်းမှရောက်လာပြီးနောက်ပိုင်း အသင်းအတွက် ပြိုင်ပွဲစုံ ၄၉ ဂိုးသွင်းထားသူဖြစ်သည်။ ဆက်လက်ပြီး ဗန်ဒိုက်ကရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်မှာ မန်စီးတီးတိုက်စစ်မှူး အဂူရိုဖြစ်သည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ကမ္ဘာ့ဘောလုံးလောကတွင် ထာဝရအကောင်းအဖြစ် မက်ဆီနှင့်စီရော်နယ်ဒိုတို့ကိုကျော်ကာ ရော်နယ်ဒင်ညိုကို ရွေးချယ်ခဲ့ပြီး နယ်သာလန်လူမျိုးကစားသမားများထဲတွင် ထာဝရအကောင်းဆုံးမှာ မာကိုဗန်ဘတ်စတင်ဖြစ်သည်ဟု ဗန်ဒိုက်ကဆိုခဲ့သည်။ ကစားသမားဘဝ၌ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်မှာ အန်ဖီးလ်တွင် ဘာစီလိုနာကို ၄ ဂိုးပြတ်အနိုင်ရသည့် ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်သည်ဟု ၎င်းက ဖွင့်ဟခဲ့သည်။

ငြိမ်းပြည့်


  • VIA