News

POST TYPE

SPORTS

ထရစ်ပီယာ၏ခြေစွမ်းကိုစောင့်ကြည့်ရန်ရှိပြီး အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းတွင်ပြန်လည်ထည့်သွင်းသွားရန် နည်းပြဆောက်ဂိတ်စဉ်းစားနေ
24-Aug-2019


မက်ဒရစ် - သြဂုတ် ၂၄

ယနေ့ညတွင် ကစားမည့် လီဂါနက်စ်နှင့် အက်သလက်တီကိုမက်ဒရစ်တို့ပွဲစဉ်မှ ညာနောက်ခံလူထရစ်ပီယာ၏ခြေစွမ်းကိုအနီးကပ်လေ့လာရန်အတွက် အင်္ဂလန်နည်းပြဆောက်ဂိတ် စပိန်သို့ရောက်ရှိနေဟု Dailymail ကဖော်ပြခဲ့သည်။ အစောပိုင်းတွင် လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခဲ့ပြီးနောက် နည်းပြဆောက်ဂိတ်မှာ ညာနောက်ခံနေရာအတွက် ထရစ်ပီယာ ကိုစောင့်ကြည့်ခေါ်ယူသွားဖွယ်ရှိနေသည်။ 

လက်ရှိအင်္ဂလန်အသင်းညာနောက်ခံနေရာတွင် ဝေါ်လ်ကာ၊ အာနိုး၊ ဝမ်ဘစ်ဆာကာတို့ကဲ့သို့ကစားသမားကောင်းများရှိနေခြင်းကြောင့် ထရစ်ပီယာအနေဖြင့် လက်ရွေးစင်အသင်းတွင်ပါဝင်ခွင့်ရရန်ခက်ခဲနေသော်လည်း နွေဈေးကွက်တွင် အက်သလက်တီကိုသို့မထင်မှတ်ဘဲပြောင်းရွှေ့ခဲ့ပြီးနောက် ၎င်း၏လက်ရွေးစင်ကစားသမားဘဝပြန်လည်ထွန်းတောက်လာ ရန်ရှိနေသည်။ 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ထိပ်တန်းခြေစွမ်းပြခဲ့သည့် ထရစ်ပီယာမှာ ပြီးခဲ့သည့်နွေရာသီအစောပိုင်းတွင်ကျင်းပခဲ့သော နေးရှင်းလိဂ်ပြိုင်ပွဲဝင် အင်္ဂလန်အ သင်းစာရင်းတွင်ပါဝင်ခွင့်လွဲချော်ခဲ့သူဖြစ်သည်။ သို့ရာတွင် အင်္ဂလန်နည်းပြဆောက်ဂိတ်မှာ စက်တင်ဘာလအတွင်းကစားရမည့် ဘူလ်ဂေးရီးယား၊ ကိုဆိုဗိုတို့နှင့် ယူရိုခြေစစ်ပွဲစဉ်များအတွက်ပြင်ဆင်နေသလို စပိန်အထိလာရောက်ပြီး ထရစ်ပီယာကိုစောင့်ကြည့်မည်ဖြစ်သောကြောင့် ၎င်းအနေဖြင့် အင်္ဂလန်အသင်းလူစာရင်းတွင်ပြန်လည်ပါဝင်ခွင့်ရရန်အခြေအနေကောင်းလာပြီဖြစ်သည်။ ဆောက်ဂိတ်၏ လက်ထောက်နည်းပြ စတိဗ်ဟော်လန်မှာမှု အင်္ဂလန်တွင်ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ယနေ့ညတွင်ကစားမည့် စပါးနှင့် နယူးကာဆယ်ပွဲမှ ဟယ်ရီကိန်း၊ ဟယ်ရီဝင့်ခ်၊ ဒန်နီရို့စ်တို့၏ခြေစွမ်းများကိုအနီးကပ်စောင့် ကြည့်သွားရန်ရှိနေသည်။

ငြိမ်းပြည့်



  • VIA