News

POST TYPE

SPORTS

ရီနာတိုဆန်းချက်ဇ် နေရာတွင်အစားထိုးရန် အက်စ်ပန်ညိုကွင်းလယ်လူ မက်ရိုကာကို ဘိုင်ယန်မြူးနစ်အသင်းခေါ်ယူ
24-Aug-2019


မြူးနစ်၊ သြဂုတ် ၂၄

ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အက်စ်ပန်ညိုကွင်းလယ်လူ မက်ရိုကာကိုခေါ်ယူရန်သဘောတူညီမှုရယူနိုင်ခဲ့ပြီဟု Dailymail ကဖော်ပြခဲ့သည်။ ဘိုင်ယန်မြူးနစ်သည် အသက် ၂၂အရွယ်ကွင်းလယ်လူကို စာချုပ်ဖျက်ကြေး ပေါင် ၃၆သန်းပေးကာခေါ်ယူခဲ့ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ဘိုင်ယန်ကွင်းလယ်လူဖြစ်သည့် ရီနာတိုဆန်းချက်ဇ်မှာ အသင်းမှထွက်ခွာရန်စီစဉ်နေပြီး ပြင်သစ်ကလပ် လိုင်လီသို့ပြောင်းရွှေ့ရန်ချိတ်ဆက်နေသောကြောင့် မက်ရိုကာကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

သတင်းများ၏အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းသည် မက်ရိုကာကို ၅နှစ်စာချုပ်ချုပ်ဆိုသွားမည်ဟုသိရသည်။ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းမှာ မျက်နှာသစ်ကစားသမားများဖြင့် အသင်းကိုပြန်လည်တည်ဆောက်ရန်စီစဉ်နေပြီး ယခုနွေဈေးကွက်တွင် မက်ရိုကာအပါအဝင် လူးကပ်စ်ဟာနန်ဒက်ဇ်၊ ဘင်ဂျမင်ပါဗက်၊ ကော်တင်ညို၊ ပါရီဆစ်တို့ကဲ့သို့ ထိပ်တန်းခြေစွမ်းရှိသူများကိုခေါ်ယူအားဖြည့်ထားခဲ့သည်။ 

အစောပိုင်းတွင် မက်ရိုကာကို ရီးရဲလ်အသင်းကစိတ်ဝင်စားမှုရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်က လက်ဦးမှုရယူခဲ့ခြင်းဖြစ်သည်။ ဘိုင်ယန်သည် လာမည့်ရက်အနည်းငယ်အတွင်း ရီနာတိုဆန်းချက်ဇ်ကို ပေါင် ၂၃ သန်းဖြင့် ရောင်းချသွားရန်စီစဉ်နေပြီဖြစ်သည်။ ချန်ပီယံလိဂ်ဝင်ခွင့်ရထားသော်လည်း အဓိကတိုက်စစ်မှူး နီကိုလက်စ်ပီပီကိုဆုံးရှုံးထားရသည့် လိုင်လီအသင်းမှာ ရီနာတိုဆန်းချက်ဇ်ကို ခေါ်ယူနိုင်ရန်အနီးစပ်ဆုံးဖြစ်နေသည်။ ရီနာတိုဆန်းချက်ဇ်မှာ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၂၄ပွဲပါဝင်ကစားခွင့်ရခဲ့သော်လည်း ၂ဂိုးသာသွင်းနိုင်ခဲ့သည်။

ငြိမ်းပြည့်


  • VIA