News

POST TYPE

SPORTS

နည်းပြရောဘတ်မိုရီနို၏ စပိန်လက်ရွေးစင်အသင်းတွင် ဒီဂီယာဦးစားပေးအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရရန်မလွယ်ကူ
21-Aug-2019


စပိန်၊ သြဂုတ် ၂၁

စပိန်နည်းပြသစ် ရောဘတ်မိုရီနိုဖြစ်လာခဲ့ပြီးနောက် မန်ယူဂိုးသမားဒီဂီယာအနေဖြင့် လက်ရွေးစင်အသင်းတွင်ဦးစားပေး ဂိုးသမားအဖြစ် ပုံမှန်ပွဲထွက်ခွင့်ရရန် မလွယ်နိုင်ဟု Dailymail က ဖော်ပြခဲ့သည်။
 
စပိန်လက်ရွေးစင်အသင်းကစားခဲ့သော ယူရိုခြေစစ်ပွဲစဉ်နောက်ဆုံး ၃ ပွဲ၌ ချဲလ်ဆီးဂိုးသမား ကီပါကပွဲထွက်အဖြစ်ပါဝင်ခွင့်ရခဲ့သလို လက်ရှိတွင်လည်း နည်းပြရောဘတ်မိုရီနိုကိုယ်တိုင်က လက်ရွေးစင်ဂိုးသမား ၃ ဦးစလုံးတွင် ပွဲထွက်ခွင့်အတွက် အာမခံချက်မရှိကြောင်း ထပ်မံပြောကြားလိုက်သည်။ ဒီဂီယာမှာ နည်းပြဒဲလ်ဘော့စကေးကိုင်တွယ်ပြီး နောက်ပိုင်းစပိန်အသင်းတွင် ဦးစားပေးအဖြစ်ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ 

လက်ရှိတွင်မူ နည်းပြသစ်မိုရီနိုကိုယ်တိုင်က ဒီဂီယာအပါအဝင် ကီပါ၊ ပေါလ်လိုပက်ဇ်တို့ ၃ ဦးစလုံး ပွဲထွက်ခွင့်အတွက် ပြိုင်ဆိုင်ရလိမ့်မည်ဟု သတိပေးလိုက်သည်။ စပိန်ရေဒီယိုတစ်ခုနှင့် တွေ့ဆုံမှု၌ နည်းပြမိုရီနိုက “ကျွန်တော့်ရဲ့ဂိုးသမားတွေက ဒီဂီယာ၊ ကီပါနဲ့ လိုပက်ဇ်တို့ ၃ ဦး ဖြစ်ပါတယ်။ ကျွန်တော်က ပြိုင်ဆိုင်မှုတွေကို သဘောကျသူပါ။ ကီပါဟာဒီဂီယာရဲ့ ရှေ့မှာမရှိသလို သူတို့နှစ်ဦးစလုံးက ပေါလ်လိုပက်ဇ်ထက် ဦးစားပေးတွေလည်းမဖြစ်လာနိုင်ပါဘူး။ ယူရိုပြိုင်ပွဲအတွက် သူတို့ ၃ ဦး ပြိုင်ဆိုင်ဖို့ အသင့်ရှိနေရပါလိမ့်မယ်။ ၃ ဦးစလုံးဟာ မတူညီတဲ့ပုံစံတွေနဲ့ ထိပ်တန်းအဆင့်မှရှိကြပါတယ်”ဟု ထုတ်ဖော်ပြောကြားသွားခဲ့သည်။ 

နည်းပြမိုရီနိုမှာ ကီပါကိုဦးစားပေးအဖြစ် ဆက်သုံးရန် စိတ်ဝင်စားမှုများရှိနေသည်ဟု သတင်းထွက်နေသောကြောင့် မန်ယူဂိုးသမား ဒီဂီယာအနေဖြင့် လာမည့်ယူရိုခြေစစ်ပွဲစဉ်များတွင် အရံခုံပေါ်တွင်သာ ဆက်ထိုင်ရဖွယ်ရှိနေဟု သိရသည်။ စပိန်အသင်းမှာ ယူရိုခြေစစ်ပွဲစဉ် ၄ ပွဲကစားထားရာ၌ ရာနှုန်းပြည့်နိုင်ပွဲရထားပြီး လာမည့်စက်တင်ဘာလ ၆ ရက်နေ့တွင် ရိုမေးနီးယားအသင်းနှင့် အဝေးကွင်းကစားရရန် ရှိနေသည်။

ငြိမ်းပြည့်



  • VIA