News

POST TYPE

SPORTS

ဆီမီးဖိုင်နယ်တွင် မည်သည့်အသင်းနှင့်တွေ့ဆုံပါစေ အကောင်းဆုံးယှဉ်ပြိုင်မည်ဟု ဦးဝင်းသူမိုးပြော
21-Aug-2019


ရန်ကုန်၊ သြဂုတ် ၂၁

ဆီမီးဖိုင်နယ်တွင် မည်သည့်အသင်းနှင့်တွေ့တွေ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြ ဦးဝင်းသူမိုးက ပြောကြားခဲ့သည်။ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် သြဂုတ် ၂၀ ရက်က အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဗီယက်နမ်အမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များအပြီးတွင် ၂ ပွဲနိုင်၊ ၁ ပွဲရှူံး၊ ရမှတ် ၆ မှတ်၊ အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဗီယက်နမ်အသင်းအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးတွင် နည်းပြဦးဝင်းသူမိုးက “ဗီယက်နမ်အသင်းနဲ့ပွဲမှာ ကစားသမားတွေအကောင်းဆုံး ကြိုးစားကစားခဲ့ပါတယ်။ အတွေ့အကြုံနည်းတဲ့ ကစားသမားအချို့ပါတဲ့အတွက် ပြိုင်ဘက်အသင်းရဲ့ ဖိအားဒဏ်အောက်မှာ ကစားတာအမှားလေးတွေ လုပ်တာတွေ့ရပါတယ်။ အမှားတွေများလို့ ဒီနေ့ပွဲမှာရှုံးနိမ့်ခဲ့တာပါ။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့တွေ့တွေ့အကောင်းဆုံးကြိုးစားကစားသွားပါမှာပါ”ဟု ပြောကြားခဲ့သည်။ 

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် သြဂုတ်၂၅ ရက်တွင် အုပ်စု (က) မှ ပထမရသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု (က) မှ ပွဲစဉ်များမှာ သြဂုတ်၂၃ ရက်နေ့မှသာ ပြီးဆုံးမည်ဖြစ်ပြီး ထိပ်ဆုံးတွင် ထိုင်းအသင်းက ရပ်တည်နေသည်။

ဇော်သုတ



  • VIA