News

POST TYPE

SPORTS

လီဗာပူးမှာ ပျော်ရွှင်နေတယ်လို့ ဂယ်ရီနဗီးလ်ရဲ့ မှတ်ချက်ကို ဆာလားတုံ့ပြန်
21-Aug-2019


လန်ဒန်၊ သြဂုတ် ၂၁

စကိုင်းစပေါ့ ရုပ်သံတင်ဆက်သူ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ဆာလားကို လီဗာပူးကနေ ထွက်ခွာသင့်တယ်လို့ တိုက်တွန်းခဲ့သလို လာမယ့် ၁၂ လအတွင်း အန်ဖီးလ်ကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမားလို့ မှတ်ချက်ပေးလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က ရိုးမားကနေ လီဗာပူးကိုရောက်လာခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ၂ နှစ်ဆက် ဆွတ်ခူးထားတဲ့ ဆာလားဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကိုပါ ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် မကြာခင်အချိန်အတွင်း နောက်ထပ်စိန်ခေါ်မှုအသစ်တွေကို ရှာဖွေသွားလိမ့်မယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေတာပါ။

စကိုင်းစပေါ့ရုပ်သံမှာ ဂယ်ရီနဗီးလ်နဲ့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါတို့ဟာ ဆာလက်နဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေလုပ်ခဲ့ရာမှာတော့ ဂယ်ရီနဗီးလ်က “ လာမယ့် ၁၂ လအတွင်း လီဗာပူးကို ဆာလလားကျောခိုင်းပါလိမ့်မယ်။ ကျွန်တော်သိပြီးသားပါ။ ကာရေဂါလည်း ဒါကိုသိပါလိမ့်မယ်။ သူမပြောချင်လို့ နေမှာပါ။ ဆာလက်အသင်းကနေ ထွက်ပါလိမ့်မယ်။ ကျွန်တော် အာမခံရဲပါတယ်။ မြင်လည်းမြင်နေပါတယ်။ ခင်ဗျားတို့လည်း ဒီအနံ့အသက်ကိုခံစားရမှာပါ " လို့ ဆိုခဲ့ပါတယ်။

အခုလိုမှတ်ချက်ပေးခြင်းခံခဲ့ရတဲ့ ဆာလားက CNN သတင်းဌာနနဲ့တွေ့ဆုံရာမှာ “ အသင်းမှာပျော်ရွှင်နေသလို ဒီမြို့မှာနေရတာကိုလည်း ပျော်ရွှင်ပါတယ်။ လီဗာပူးပရိသတ်တွေကိုချစ်သလို သူတို့လည်း ကျွန်တော့်လိုပဲ နေမှာပါ။ လီဗာပူးမှာ ပျော်ရွှင်နေပါတယ် “ လို့ဆိုကာ ဂယ်ရီနဗီးလ်ရဲ့မှတ်ချက်စကားတွေကို တုံ့ပြန်သွားခဲ့ပါတယ်။

ငြိမ်းပြည့်


  • VIA