News

POST TYPE

SPORTS

ဗီယက်နမ်အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီး အုပ်စုဒုတိယနေရာဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း
21-Aug-2019


ရန်ကုန်၊ ဩဂုတ် ၂၀

အာဆီယံအမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲတွင် မြန်မာအသင်းက ဗီယက်နမ်အသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းကြောင့် အုပ်စုဒုတိယဖြင့်သာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ဩဂုတ်လ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲတွင် ဗီယက်နမ်အသင်းက မြန်မာအသင်းကို ဖိအားပေးနိုင်ခဲ့ပြီး လိုအပ်သည့် အနိုင်ရလဒ်ကိုရယူနိုင်ခဲ့ကာ ရှုံးပွဲမရှိဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

မြန်မာအသင်းသည် ဗီယက်နမ်အသင်း၏ ကစားကွက်ကို ယှဉ်နိုင်ခြင်း မရှိခဲ့ဘဲ တန်ပြန်တိုက်စစ်ဖြင့်သာ ရံဖန်ရံခါမှ ထိုးဖောက်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်း၏ဖိအားပေးမှု များကိုဆက်တိုက်ခံခဲ့ရပြီး ပထမပိုင်းတွင် သွင်းဂိုးနှစ်ဂိုး၊ ဒုတိယပိုင်းတွင် သွင်းဂိုးနှစ်ဂိုး ခွင့်ပြုခဲ့ရကာ ရှုံးနိမ့်ခဲ့သည်။

“ဒီနေ့ပွဲမှာ ကစားသမားတွေ အကောင်းဆုံး ကြိုးစားကစားခဲ့ပါတယ်။ အတွေ့အကြုံနည်းတဲ့ ကစားသမားအချို့ ပါတဲ့အတွက် ပြိုင်ဘက်အသင်းရဲ့ဖိအား ဒဏ်အောက်မှာ ကစားတဲ့အခါ မှားတာတွေရှိခဲ့တယ်။ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အကောင်းဆုံး ကြိုးစားသွားမှာပါ”ဟု မြန်မာအသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။

အကြိုဗိုလ်လုပွဲအဆင့်တွင် မြန်မာအသင်းသည် အုပ်စု (က) မှ အုပ်စုပထမ ရရှိသည့်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စု (က) ၌ အသင်း ၅ သင်း ပါဝင်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်များကို ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းသည် ထိုင်းနှင့် ဖိလစ်ပိုင်အသင်းတို့ပွဲစဉ်မှ အနိုင်ရရှိသည့်အသင်းနှင့် အကြိုဗိုလ်လုပွဲအဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

ချစ်ဝိုင်း


  • VIA