News

POST TYPE

SPORTS

ဒိုင်ဘားလား ဘယ်လဲ
19-Aug-2019


ဒီနွေအပြောင်းအရွှေ့မှာ အပြောင်းအရွှေ့အလှုပ်ခတ်ဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဂျူဗင်တပ် နောက်ချန်တိုက်စစ်မှူး ပေါ်လို ဒိုင်ဘားလားဟာ တကယ်ပဲ အသင်းပြောင်းဖြစ်မှာလားဆိုတာ စိတ်ဝင်စားစရာပါ။

အသက်က ၂၅၊ အတွေ့အကြုံတွေလည်း ရှိနေသူ။ ခြေစွမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားသူ။ ကိုယ်တိုင် ဂိုးသွင်းနိုင်သလို အသင်းဖော်တွေကိုလည်း ဖန်တီးမှုတွေ အများကြီးပြုလုပ်ပေးနိုင်သူ။

သူ့လို လူငယ်ခြေတက် ကစားသမားမျိုးကို ဘယ်ထိပ်တန်းအသင်းမဆို လိုချင်မှာပဲဖြစ်ပါတယ်။



ဒိုင်ဘားလားရဲ့ လက်ရှိတန်ကြေးက ယူရို ၈၅ သန်း၊ လုပ်ခက ယူရို ၁၁၀,၀၀၀ ဖြစ်ပါတယ်။ ကမ္ဘာ့တန်ကြေးအကြီးဆုံးကစားသမားတွေထဲ နံပါတ် ၂၆ ဖြစ်ပြီး စီးရီးအေနဲ့ ဂျူဗင်တပ်ကစားသမားတွေထဲ တန်ကြေး ဒုတိယအများဆုံးကစားသမားဖြစ်ပါတယ်။



သူဟာ ဂျူဗင်တပ်ကို ၂၀၁၅ ခုနှစ်က စတင်ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိသူ့ရဲ့ စာချုပ်က ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိဖြစ်ပါတယ်။ စီးရီးအေထိပ်သီးကလက်က သူ့ကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ပထမဆုံး စာချုပ်သက်တမ်းတိုးထားပါတယ်။

အခုတော့ အသင်းက ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတယ်ဆိုတော့ ဂျူဗင်တပ်အနေနဲ့ ဒိုင်ဘားလားကို လက်လွှတ်မလား၊ စာချုပ်သက်တမ်းထပ်တိုးမလားဆိုတာ စောင့်ကြည့်ရမှာပါ။

တစ်ဖက်မှာလဲ သူ့ကို ခေါ်ဖို့ ပရီးမီးယားလိဂ် ထိပ်သီးတွေဖြစ်တဲ့ မန်ယူနဲ့ စပါးတို့က ဒီနွေအပြောင်းအရွှေ့မှာ ကြိုးပမ်းခဲ့တာ မအောင်မြင်ခဲ့ပါဘူး။



ဒါပေမဲ့ အခုလက်ရှိမှာတော့ သူ့ကို ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဒီအသင်းဟာ ငွေကြေးသုံးစွဲများစွာသုံးစွဲနိုင်တဲ့ အသင်းတစ်သင်းဖြစ်သလို အသင်းက ထွက်ခွာတော့ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား နေမာရဲ့နေရာကို အစားထိုးဖို့ စိုင်းပြင်းနေလို့ အပြောင်းအရွှေ့အမှန်တကယ်ဖြစ်မြောက်လာနိုင်တဲ့ အခြေအနေမှာရှိနေပါတယ်။

အခုလက်ရှိ ပီအက်စ်ဂျီအသင်းက ဒိုင်ဘားလားကို ပေါင် ၇၃ သန်းနဲ့ ကမ်းလှမ်းဖို့ပြင်ဆင်နေပေမယ့် ဂျူဗီဘက်ကတော့ ပေါင် ၉၁ သန်းအထိ တိုးတောင်းဖို့ပြင်ဆင်နေပါတယ်။

နောက်တစ်ချက်က ဂျူဗီကလည်း နေမာကို မျက်စိကျဖူးသလို ခေါ်ယူဖို့ အသံပစ်ခဲ့ဖူးတာကြောင့် နှစ်ဦးနှစ်ဖက် ကစားသမားအလဲအထပ်တွေဖြစ်သွားမလားဆိုတာ စောင့်ကြည့်ချင်စရာပါ။

လက်ရှိအထိ ဥရောပ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ပရီးမီးယားလိဂ်တစ်ခုပဲ ပြီးဆုံးထားတာဖြစ်ပြီး လာလီဂါနဲ့ စီးရီးအေတို့ရဲ့ အပြောင်းအရွှေ့ဟာ စက်တင်ဘာလ ၂ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

ဒါကြောင့် ထင်မှတ်မထားတဲ့ အပြောင်းအရွှေ့ခေါ်ယူမှုတွေ လုပ်တတ်တဲ့ ဂျူဗီအနေနဲ့ ပရိသတ်တွေ အံ့သြအောင် လုပ်ပြသွားမလား။

ဒိုင်ဘားလားကရော တကယ်အသင်းပြောင်းချင်နေတာလား?

သူဟာ အသင်းကို စီရော်နယ်ဒိုရောက်လာပြီးနောက်မှာ ပွဲထွက်ခွင့်တွေ နည်းသထက်နည်းလာတာကို တွေ့ရပါတယ်။ ဒါကိုပဲ သူ့အနေနဲ့ စိတ်ပျက်နေတာဖြစ်နိုင်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ပွဲထွက်ခွင့်များများရဖို့ မျှော်လင့်ကြမှာဖြစ်ပါတယ်။ ဒါမှလည်း သူ့ရဲ့ခြေစွမ်းခြေစကို ထုတ်ပြနိုင်မှာပါ။

ဒါကြောင့်များ အသင်းပြောင်းဖို့ စဉ်းစားလာလေသလား မပြောနိုင်ပါဘူး။

အဲဒီလို စိတ်ထွေပြားနေချိန်မှာပဲ အခုအပြောင်းအရွှေ့ရာသီမှာ မန်ယူက သူ့ကို အလေးအနက်ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သလို စပါးကလည်း အမှန်တကယ် ချိတ်ဆက်ပြီး အင်္ဂလန်မြေကို ရောက်လုနီးနီးအထိ ဖြစ်ခဲ့ကြပါတယ်။

မန်ယူကတော့ ဒိုင်ဘားလားရဲ့ အေးဂျင့်တောင်းဆိုတဲ့ ဒိုင်ဘားလားနဲ့သက်ဆိုင်တဲ့ နောက်ထပ်အဖွဲ့အစည်းကိုပါ ပေါင် ၁၅ သန်းပေးဖို့တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာဖြစ်ပေမယ့် စပါးကတော့ ပြောင်းရွှေ့ကြေး ပေါင် ၆၉ သန်းနဲ့အတူ သူ့အေးဂျင့်တောင်းဆိုတာတွေကို ပေးမယ်လို့ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်လိုဖြစ်လို့ အပြောင်းအရွှေ့က မဖြစ်ခဲ့ပြန်တာလဲ မသိရပါဘူး။

ဒါတွေကို ကြည့်ချင်းအားဖြင့် ဒိုင်ဘားလားအနေနဲ့ ဂျူဗီရဲ့ ကမ်းလှမ်းမှုတွေကို လိုချင်လို့ ဒီလိုမျိုး တင်းခံနေတာများလားဆိုတဲ့ မေးခွန်းထွက်ပေါ်လာခဲ့ပါတယ်။

ဒီမေးခွန်းဟာ ပီအက်စ်အသင်းနဲ့ ကမ်းလှမ်းမှု အမှန်တကယ်ဖြစ်မဖြစ်ဆိုတာကနေ အဖြေပေါ်လာမှာ ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ အာဂျင်တီးနား လက်ရွေးစင်ဟာ ဂျူဗင်တပ်ကစားသမားအဖြစ်ပဲ ရှိနေဆဲဖြစ်ပါတယ်။

ကိုဟိန်း


  • VIA