News

POST TYPE

SPORTS

ဆန်းချက်ဇ် မန်ယူမှ နှစ်ပတ်အတွင်းထွက်ခွာမည်ဟု သတင်းထွက်
15-Aug-2019



မန်ချက်စတာ၊ ဩဂုတ် ၁၅

မန်ယူအသင်းနှင့် ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် နောက်နှစ်ပတ်အတွင်း ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းမှ ထွက်ခွာတော့မည်ဟု ကောလာဟလတစ်ခု ယနေ့မှာ ထွက်ပေါ်လာခဲ့သည်။

ဗြိတိန်အခြေစိုက် မီဒီယာကြီးများဖြစ်သည့် BBC နှင့် Daily Mail သတင်းများက ဆန်းချက် ထွက်ခွာတော့မည်ဟု ဖော်ပြလာကြသော်လည်း The Sun သတင်းမှာတော့ ဆန်းချက်က မန်ယူမှ ထွက်ခွာဖို့ ငြင်းဆန်နေတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူနည်းပြဆိုးလ်ရှားက တိုက်စစ်မှူးဆန်းချက်ဇ်အနေဖြင့် မန်ယူအသင်းတွင် ဆက်ရှိရန် မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားခဲ့ပေမယ့် လက်ရှိမှာတော့ ဆန်းချက်ဇ်မှာ မန်ယူနည်းပြ ဆိုးလ်ရှားလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် မသေချာသောကြောင့် ပုံမှန်ပွဲထွက်ခွင့်ရမည့် အီတလီစီးရီးအေ အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေကြောင်း သတင်းများက ရေးသားဖော်ပြလာကြသည်။

အသက် (၃၀) အရွယ်ရှိ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်ကို စက်တင်ဘာလ ၂ ရက်၊ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီ စီးရီးအေကလပ်အသင်းများဖြစ်ကြသည့် ဂျူဗင်တပ်၊ နာပိုလီနဲ့ အေစီမီလန်အသင်းတို့က ခေါ်ယူဖို့ မျက်စိကျလျက်ရှိကြောင်း ဖော်ပြထားသည်။ 

ဆက်လက်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားအနေနဲ့ ယခုရာသီမှာ လူငယ်ကစားသမားတွေဖြစ်ကြတဲ့ မားကက် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ မာရှယ်နဲ့ မေဆင် ဂရင်းဝုဒ်တို့ကို ပိုမိုပွဲထွက်ခွင့်ပေးဖို့ စီစဉ်ထားခြင်းကြောင့် ဆန်းချက်ဇ်ရဲ့ အနာဂတ် ပွဲထွက်ခွင့်မှာ ဝေဝါးလျက်ရှိနေသည်ဟု သတင်းစာများက ရေးသားဖော်ပြလာကြသည်။ 

သူရ


  • VIA