News

POST TYPE

SPORTS

တိုက်စစ်မှူး လူကာဂျိုဗစ်ကို ရီးရဲလ်အငှားချကစားရန် စီစဉ်
14-Aug-2019


ဘာနေဗျူး၊ သြဂုတ် ၁၄

စပိန်ထိပ်သီးကလပ်ရီးရဲလ်မက်ဒရစ်အသင်းသည် ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် ဖရန့်ဖတ်အသင်းမှ ယူရိုသန်း ၆၀ အထိပေးကာ ခေါ်ယူထားသည့် တိုက်စစ်မှူး လူကာဂျိုဗစ်ကို အငှားချကစားတော့မည်ဖြစ်ကြောင်း သိရသည်။

ရာသီကြိုခြေစမ်းပွဲများတွင် ဆားဘီးယားလူငယ်တိုက်စစ်မှူး ပြသခဲ့သည့် ခြေစွမ်းကို နည်းပြဇီဒန်းက သဘောမကျသောကြောင့် အငှားချကစားရန်စဉ်းစားနေခြင်းဖြစ်သည်ဟု စပိန်နာမည်ကြီးသတင်းစာ မာကာက ဖော်ပြထားသည်။

ဇီဒန်းသည် ရာသီသစ်တွင် အထောင်တိုက်စစ်မှူးနေရာအတွက် ဘန်ဇီးမားကို ဆက်လက်အသုံးပြုရန် စီစဉ်လျက်ရှိသည်။

ရာသီကြိုကာလတွင် ဇီဒန်းသည် ၄-၄-၂ ကစားကွက်ကိုစမ်းသပ်ခဲ့ပြီး တိုက်စစ်တွဲအဖြစ် ဂျိုဗစ်နှင့်ဘန်ဇီးမားကို တွဲသုံးခဲ့သော်လည်း ဆားဘီးယားတိုက်စစ်မှူးမှာ ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဂိုးပေါက်ပါပျောက်ဆုံးခဲ့သည်။

ရီးရဲလ်၏ အနာဂါတ်စီမံကိန်းတွင် လူကာဂျိုဗစ်ပါဝင်နေသော်လည်း လက်ရှိအချိန်တွင် ပွဲထွက်ခွင့်မပေးနိုင်သေးတာကြောင့် ကစား၏ ခြေစွမ်းတိုးတက်မှု ရှိလာစေရန် အငှားချကစားစေခြင်းဖြစ်ကြောင်း ရီးရဲလ်တာဝန်ရှိသူများက ယုံကြည်လျက်ရှိသည်။

ဂျိုဗစ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဖရန့်ဖတ်နှင့်အတူ ဘွန်ဒက်စ်လီဂါ ၂၅ ပွဲအထိ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး ၁၇ ဂိုးသွင်းနိုင်ခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲတွင် ၁ဝ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည်။


  • VIA