News

POST TYPE

SPORTS

လီဗာပူးလ်ကို အနိုင်ရမည်ဟု ချဲလ်ဆီးနည်းပြ လမ်းပတ်ယုံကြည်
14-Aug-2019


လန်ဒန်၊ ဩဂုတ် ၁၄

နံနက်ဖြန် မနက်အစောပိုင်းတွင်ကစားမည့် လီဗာပူးလ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့၏ ဥရောပစူပါဖလားပွဲစဉ်မှာ အရေးကြီးပွဲစဉ်တစ်ပွဲဖြစ်သကဲ့သို့ ပြိုင်ဘက်လီဗာပူးလ်အသင်းကို အနိုင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ချဲလ်ဆီးနည်းပြသစ် လမ်းပတ်က ပြေကြားလိုက်သည်။

ယင်းပွဲစဉ်ကို မြန်မာစံတော်ချိန် နံနက် ၁ နာရီခွဲတွင် တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ ဗိုဒါဖုန်းအားကစားကွင်းကြီး၌် ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းနှင့် ယူရိုပါလိဂ် ချန်ပီယံ ချဲလ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

ချဲလ်ဆီးနည်းပြ လမ်းပတ်က အဆိုပါပွဲစဉ်မှာ ၎င်း၏ ဂုဏ်သိက္ခာအရ ပါဝင်ပတ်သက်မှုရှိနေပြီး လီဗာပူးအသင်းကို အနိုင်ယူနိုင်မည်ဟု ယုံကြည်နေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွင် မန်ယူအသင်းကို လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်မှ အားနည်းချက်များကို ပြင်ဆင်ထားပြီး အကောင်းဆုံးရလဒ်ဖြင့် ပြန်လာရန် ချဲလ်ဆီးအသင်းသားများ သိရှိပြီးပြီဖြစ်ကြောင်း၊ ယခုဖလားပွဲတွင် ၂၀၁၂ ခုနှစ် အက်သလက်တီကိုကို ဂိုးပြတ်အရှုံးနှင့် ၂၀၁၃ ခုနှစ် ဘိုင်ယန်မြူးနစ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့်ပုံစံမျိုး လုံးဝအဖြစ်မခံနိုင်ကြောင်း လမ်းပတ်က ဖွင့်ဟခဲ့သည်။

ချဲလ်ဆီးနည်းပြ လမ်းပတ်က “ အက်သလက်တီကို၊ ဘိုင်ယန်မြူနစ်တို့နဲ့ တွေ့ဆုံတုန်းကလို အမှားအယွင်းမခံပါဘူး။ ကျွန်တော်တို့ ဒီဖလားကို နှစ်ခါလက်လွှတ်ခဲ့ရဖူးပြီ။ ဒီတစ်ကြိမ်တော့ အနိုင်အတွက် ဘာမဆို လုပ်ပြသွားမှာပါ။ အသင်းသားတွေလည်း ဘယ်လောက်အရေးပါကြောင်း နားလည်ထားပါတယ်။ ဒီဖလားက လာမယ့်ပွဲစဉ်တွေအတွက် အားအင်ဖြစ်စေမှာပါ”ဟု လီဗာပူးလ်အသင်းနှင့်တွေ့ဆုံမှုအတွက် ၎င်း၏ ယုံကြည်ချက်ကို ပြောကြားခဲ့သည်။

သူရ


  • VIA