News

POST TYPE

SPORTS

ဒေ့ဗ်နှင့်တူးတူး၊ ထွန်းထွန်းမင်းတို့ စိန်ခေါ်ပွဲ ဖြစ်မြောက်အောင် စီစဉ်မည်ဟု ဦးဇေသီဟဆို
13-Aug-2019


ရန်ကုန်၊ ဩဂုတ် ၁၂

ခရူဆာဝိတ်တန်း ချန်ပီယံဒေဝ လက်ဒေ့ဗ်ကို စိန်ခေါ်ထားသည့် မြန်မာပြည်ထိပ်တန်းလက်ဝှေ့သမား နှစ်ဦးဖြစ်သည့် တူးတူးနှင့်ထွန်းထွန်းမင်းတို့နှစ်ဦးအနက် တစ်ဦးနှင့် ပွဲဖြစ်မြောက်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက ပြောသည်။

မြန်မာပြည် အလွတ်တန်းချန်ပီယံဟောင်း ထွန်းထွန်းမင်းနှင့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံတူးတူးတို့သည် ခရူဆာဝိတ်တန်း ချန်ပီယံဒေဝနှင့် ယှဉ်ပြိုင်လိုခြင်းကြောင့် တရားဝင် စိန်ခေါ်မှုပြုလုပ်ထားသည်။

“ဒေ့ဗ်နဲ့ထိုးဖို့ ထွန်းထွန်းမင်း သို့မဟုတ် တူးတူးကို မဖြစ်မနေညှိနှိုင်းပွဲ စီစဉ်ပေးပါမယ်။ WLC ရဲ့အမှတ်ပေးစနစ် စည်းကမ်းအတိုင်း မဖြစ်မနေ ထိုးရပါမယ်။ ဒါမှမဟုတ် WLC နှင့် ဒေ့ဗ်တို့၏ကစား သမားပိုင်ဆိုင်မှုနှစ်ရှည်စာချုပ် ကုန်ဆုံးသည်အထိ စောင့်ရပါလိမ့်မယ်။ ကျွန်တော်ကလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆောင်ရွက်မှုကို အဆုံးသတ်စေချင်တာကြောင့် လုပ်ရတာပါ”ဟု ဦးဇေသီဟက ပြောသည်။

“ထွန်းထွန်းမင်းရဲ့ စိန်ခေါ်မှုက WLC  ရဲ့ ပြိုင်ပွဲကျင်းပတဲ့ အမှတ်ပေးစနစ်နဲ့ အဆင်မပြေဖြစ်သည့်အပြင် အဖွဲ့ချုပ်၏ ပြဋ္ဌာန်းထားသော အလဲထိုးစနစ်အရ ဘောင်မဝင်ပါဘူး။ ဒေ့ဗ်၏ လက်ရှိဝိတ်သည် ၈၃ ရှိပြီး ထွန်းထွန်းမင်း၏ ဝိတ်သည် ၈၀ ရှိပါသည်။ ကိုထွန်းထွန်းမင်း၏ တောင်းဆိုချက်ဖြစ်သည့် ၇၁-၇၅ ထိဆင်းထိုးပေးဖို့အထိ မလွယ်ပါဘူး။ ဒေ့ဗ်၏ ကြွက်သားနဲ့အဆီ ဖွဲ့စည်းတည်ဆောက်မှုအရ ၇၉ ကိုတောင် မနည်းချရမယ့်အခြေအနေဖြစ် ပါတယ်။ ဒုတိယအချက်က ၇၁-၇၅ မစ်ဒယ် ဝိတ်တန်းတွင် တူးတူးသည် လက်ရှိချန်ပီယံ ဖြစ်ပါတယ်။ လက်ရှိချန်ပီယံမပါဘဲ မစ်ဒယ်ဝိတ်တန်းချန်ပီယံကို ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်ကို ပွဲစီစဉ်ပေးရန် လုံးဝမဖြစ်နိုင်ပါ။ ဆူပါမစ်ဒယ်ဝိတ်တန်းဖြင့်သာယှဉ်ပြိုင် စေလိုပါတယ်။ ဒါပေမဲ့ ဒေ့ဗ်နဲ့ ယှဉ်ပြိုင်ထိုးဖို့ ထွန်းထွန်းမင်းရော တူးတူးပါ အခွင့်အရေး အတူတူရှိပါတယ်။ ကိုထွန်းထွန်းမင်းရဲ့ စိန်ခေါ်မှု အဆိုကို ပြန်လည်ပြင်ဆင်ပေးနိုင်ရင် ပွဲစီစဉ်ပေးရတဲ့ ကျွန်တော့်အတွက် ပိုပြီးအဆင်ပြေပါတယ်။ ဒီလကုန်လောက် အေးဆေးဖြစ်သည့်အခါ တွေ့ဆုံပြီးညှိနှိုင်း ဆောင်ရွက်လိုပါတယ်။ ၃ ဦးစလုံးရဲ့ စိန်ခေါ်မှုကို အတည်ပြု လက်ခံထားပြီးပါပြီ။ နည်းစနစ်၊ နေ့ရက်၊ နေရာပဲလကုန်တွေ့ဆုံတဲ့ အခါ ညှိနှိုင်းရန် ကျန်ပါတော့တယ်”ဟု ဦးဇေသီဟက ပြောသည်။

ထွန်းထွန်းမင်းသည် ဒေဝနှင့် သုံးကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး နှစ်ကြိမ်သရေကျကာ တစ်ကြိမ်ရှုံးနိမ့်ထားသည်။ တူးတူးနှင့် ဒေ့ဗ်သည် တစ်ကြိမ်တွေ့ဆုံထားပြီး ယင်းပွဲစဉ်တွင် တူးတူးက အနိမ့်သရေရလဒ်ရရှိထားသည်။

ချစ်ဝိုင်း


  • VIA