News

POST TYPE

SPORTS

အမှား ၄ ကြိမ်ကြောင့်သာ ပေးဆပ်မှု ကြီးမာခဲ့ခြင်းဖြစ်ပြီး စွမ်းဆောင်ရည်မညံ့ခဲ့ဟု ချဲလ်ဆီးနည်းပြ လမ်းပတ် ယုံကြည်
13-Aug-2019


လန်ဒန်၊ ဩဂုတ် ၁၂

အိုးလ်ထရက်ဖို့ဒ်တွင် ကစားခဲ့သည့် မန်ယူနှင့်ရာသီအဖွင့်ပွဲစဉ်၌ မိမိတို့အသင်း ကံမကောင်းခဲ့ဟု ချဲလ်ဆီးနည်းပြလမ်းပတ်က ဖွင့်ဟခဲ့သည်ဟု Dailymail က ဖော်ပြခဲ့သည်။ 

ချဲလ်ဆီးသည် ပွဲအစောပိုင်းမိနစ်များတွင် မန်ယူဘက်သို့ စုစုစည်းစည်းဖြင့် ထိုးဖောက်ပြီး ဂိုးရနိုင်လောက်သည့်အခွင့်အရေး ၃ ကြိမ်ထက်မနည်း ပိုင်ဆိုင်ခဲ့သည်။ သို့ရာတွင် နောက်ခံလူဇူးမား၏ အမှားမှတစ်ဆင့် ရက်ဖို့ဒ်၏ပင်နယ်တီကိုခွင့်ပြုခဲ့ရပြီးနောက် ချဲလ်ဆီးကစားပုံပြိုလဲသွားခဲ့သလို ပြိုင်ဘက်တန်ပြန်တိုက်စစ်များကို တားဆီးရာတွင်လည်း အမှားများခဲ့သည်။ 

ရလဒ်အားဖြင့်ပြတ်သားစွာအရေး နိမ့်ခဲ့သည်မှာ မှန်ကန်သော်လည်း မိမိတို့ အသင်း ကစားပုံအပြစ်ပြောစရာမရှိခဲ့သလို အမှား ၄ ကြိမ်သာ ရှိခဲ့ချိန်တွင် ၄ ဂိုးပေးခဲ့ရခြင်းဖြစ်သည်ဟု နည်းပြလမ်းပတ်က ဆိုခဲ့သည်။ 

ပွဲအပြီး Sky Sport နှင့် တွေ့ဆုံမှုတွင် လမ်းပတ်က “ပထမပိုင်းမှာပွဲရဲ့အဓိက ကျတဲ့အပိုင်းတွေကို ကျွန်တော်တို့ ချုပ်ကိုင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းကို ဦးဆောင်ခွင့် ရခဲ့သင့်တာပါ။ ဒါပေမဲ့ အမှားတွေကနေ ဂိုးတွေပေးခဲ့ရပါတယ်။ သူတို့ ၃ ဂိုးပြတ်နဲ့ အလွယ်လေး ဦးဆောင်သွားနိုင်ခဲ့တာပါ။ မန်ယူက တန်ပြန်တိုက်စစ်နဲ့ကစားခဲ့တာဖြစ်ပြီး သင်ခန်းစာတွေအများကြီး ရခဲ့ပါတယ်။ ၄ ကြိမ်ပဲမှားခဲ့တာပါ။ အဲဒီထက် မပိုခဲ့ပါဘူး။ ကောင်းမွန်တဲ့ခံစာချက်မျိုး မရခဲ့ပေမယ့် တစ်ပွဲလုံးစွမ်းဆောင်ရည်အရတော့ ကျွန်တော်တို့ ၄ဂိုးပြတ်အရှုံးနဲ့ မထိုက်တန်ခဲ့ပါဘူး”ဟု ပြောကြားသွားခဲ့သည်။ 

ငြိမ်းပြည့်


  • VIA