News

POST TYPE

SPORTS

ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲများတွင် မြန်မာအသင်း အုပ်စုကျပ်တွင်းကျရောက်
17-Jul-2019



ရန်ကုန်၊ ဇူလိုင် ၁၇

မြန်မာဘောလုံး လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် (ဒုတိယအဆင့်) နှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ (ဒုတိယအဆင့်) ပွဲစဉ်များတွင် ပါဝင်ကစားရမည်ဖြစ်ကြောင်း ယနေ့ (ဇူလိုင် ၁၇ ရက်) နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် မဲခွဲပွဲအရ သိရသည်။

ယင်း မဲခွဲရွေးချယ်မှုတွင် မြန်မာ့ဘောလုံးလက်ရွေးစင်အသင်းသည် အုပ်စု (စ) ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား အသင်းများနှင့်အတူ အုပ်စုကျပ်တွင်းကျရောက်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ယင်း ခြေစစ်ပွဲစဉ်များတွင် ဖီဖာအဆင့် သတ်မှတ်ချက်များအရ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ၃၄ သင်း၊ ခြေစစ်ပွဲ ပထမအဆင့်ကို ကျော်ဖြတ်အောင်မြင်လာသည့် အသင်း (၆) သင်း စုစုပေါင်းအသင်း ၄၀ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဒုတိယအဆင့် ပွဲစဉ်များကို အသင်း (၅) သင်းပါဝင်သည့် အုပ်စု (၈) အုပ်စု ယှဉ်ပြိုင်ကစားစေမည်ဖြစ်ပြီး ထိပ်ဆုံး (၈) သင်းနှင့် အကောင်းဆုံး ဒုတိယ (၄) သင်းမှာ ကမ္ဘာ့ဖလားဖလား နောက်ဆုံးအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည်ဖြစ်သည်။

ကျန် ဒုတိယနေရာရ (၄) သင်း၊ တတိယနေရာရ (၈) သင်းနှင့် အကောင်းဆုံး စတုတ္ထနေရာရ (၄) သင်းမှာ ၂၀၂၃ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲစဉ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ကျန် စတုတ္ထနေရာရ (၄) သင်းနှင့် အုပ်စုအောက်ဆုံး (၈) သင်းမှာ ၂၀၂၃ အာရှဖလား Play-off ခြေစစ်ပွဲ ထပ်မံကစားရမည်ဖြစ်သည်။

မြန်မာအသင်း၏ အုပ်စု (စ) ပွဲစဉ်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် မွန်ဂိုလီးယားနှင့် အဝေးကွင်း၊ စက်တင်ဘာ (၁၀) ရက်နေ့တွင် ဂျပန်အသင်းနှင့် အိမ်ကွင်း၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ကာဂျစ္စတန်အသင်းနှင့် အဝေးကွင်း၊ နိုဝင်ဘာလ (၁၄) ရက်နေ့တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ (၁၉) ရက်နေ့တွင် မွန်ဂိုလီးယားနှင့် အိမ်ကွင်းအဖြစ် ကစားရမည်ဖြစ်သည်။ ၂၀၂၀ ခုနှစ် မတ်လ (၂၆) နေ့တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ်လ (၃၁) ရက်နေ့တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန်လ (၉) ရက်နေ့တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။