News

POST TYPE

SPORTS

လာမည့်ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ စည်းမျဉ်းသစ်တစ်ခုပြောင်းမည်
16-Jul-2019



လန်ဒန်၊ ဇူလိုင် ၁၆

လာမည့် ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ပြိုင်ပွဲစည်းမျဉ်းသစ်တစ်ခု ထည့်သွင်းသွားမည်ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြရေးသားထားသည်။ ယင်းပြိုင်ပွဲစည်းမျဉ်းသစ်ကြောင့် ဂိုးသွင်းအားကျဆင်းကာ ပြိုင်ပွဲရသ ပျက်စီးမှုများ ဖြစ်လာနိုင်ကြောင်း ဆက်စပ်သတင်းများက ဖော်ပြထားသည်။



ယခင်ပြိုင်ပွဲစည်းမျဉ်းပုံစံမှာ အသင်းနှစ်သင်းကြား ရမှတ်တူနေပါက ဂိုးကွာခြားချက်၊ သွင်းဂိုးနှင့် ထိပ်တိုက်တွေ့ဆုံမှု စသည်တို့ကို အစဉ်လိုက် ဦးစားပေး တွက်ချက်ရွေးချယ်ခဲ့ပြီး ယခု ပြောင်းလဲမည့် စည်းမျဉ်းသစ်မှာ အသင်းနှစ်သင်းကြား ရမှတ်တူနေပါက ထိပ်တိုက်တွေ့ဆုံမှုကို ပထမဆုံး ဦးစားပေးတွက်ချက်ကာ ယင်းအခြေအနေတွင် အသာရသည့်အသင်းမှာ ဦးစားပေးအဖြစ် ရှိမည်ဖြစ်သည်။

အကယ်၍ အဆိုပါအခြေအနေတွင် အသင်းနှစ်သင်းသည် ရမှတ်၊ ထိပ်တိုက်တွေ့ဆုံမှုများပါ တူညီနေပါက ဂိုးကွာခြားချက်နှင့် သွင်းဂိုးများကို ယခင်အတိုင်း တွက်ချက်ပေးသွားမည်ဖြစ်သည်။ အဆိုပါအချက်များအားလုံး တူညီနေသော နှစ်သင်းအနေဖြင့် နောက်ဆုံးအဆင့်အဖြစ် Play-Off ပွဲစဉ်တစ်ပွဲ ကစားရမည်ဖြစ်သည်။

ထို့ကြောင့် ထိပ်တိုက်တွေ့ဆုံမှုများကို အဓိကထား တွက်ချက်တော့မည့် ယင်းစည်းမျဉ်းသစ်ကြောင့် အသင်းများအနေဖြင့် မရှုံးရေးကို အဓိကထား ကစားရမည်ဖြစ်၍ ခံစစ်အသားပေးကာ သွင်းဂိုးများသည့် ပွဲစဉ်များ ယခင်ကလို မြင်တွေ့ရဖွယ်မရှိသလို ဂိုးသွင်းအားကျဆင်းပြီး ပြိုင်ပွဲရသ ပျက်စီးမှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။