News

POST TYPE

SPORTS

ပေါ့ပ်ဘာကို လာမည့်ရာသီတွင် အသင်းခေါင်းဆောင် ရာထူးပေးမည်ဟု နည်းပြဆိုးလ်ရှား ဖွင့်ဟ
14-Jul-2019


ပါ့သ်၊ ဇူလိုင် ၁၄

သြစတေးလျနိုင်ငံတွင် ရာသီကြို ခြေစမ်းပွဲ သွားရောက်ကစားနေသော မန်ယူအသင်း၏နည်းပြ ဆိုးလ်ရှားသည် ရီးလ်ရဲမက်ဒရစ်အသင်းနှင့် ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ရန် ရေပန်းစားနေသည့် အသင်း၏ ကွင်းလယ်ကစားသမား ပေါ့ပ်ဘာကို လာမည့်ရာသီတွင် အသင်းခေါင်းဆောင်ရာထူး ပေးအပ်မည်ဖြစ်ကြောင်း သြစတေးလျကလပ် ပါ့သ်ဂလိုရီအသင်းနှင့် ပွဲပြီးအင်တာဗျူးတွင် ဖြေကြားသွားခဲ့သည်။

အစောပိုင်းတွင် မန်ယူနည်းပြ ဆိုးလ်ရှားသည် ပေါ့ပ်ဘာ အပါအဝင် မည့်သည့်ကစားသမားကိုမျှ ထုတ်ရောင်းမည်မဟုတ်ကြောင်း ပြောကြားထားပြီး ပေါ့ပ်ဘာ၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာကိုလည်း ပြစ်တင်ဝေဖန်ထားဖူးသည်။

ပါ့သ်ဂလိုရီအသင်းနှင့် ပွဲစဉ်တွင် မန်ယူအသင်းသည် ရက်ရှ်ဖို့ဒ်နှင့် ဂျိမ်းဂါနာတို့၏ ဒုတိယပိုင်း သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ ပေါ့ပ်ဘာကို လာမည့်ရာသီတွင် အသင်းခေါင်းဆောင်ရာထူး ပေးမည်လားဆိုသည့် မေခွန်းအတွက် ဆိုးလ်ရှားက “Yes”ဟု ဖြေကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက သတင်းထောက်၏ မေးမြန်းချက်အပြီး ပေါ့ပ်ဘာနှင့်ပတ်သက်၍ လတ်တလောတွင် ရှင်းလင်းဖြေကြားရန် လိုအပ်သေးမည်မဟုတ်ကြောင်းနှင့် များမကြာမီတွင် ကစားသမားနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်ပေါင်းပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ပြီးခဲ့သည့် သောကြာနေ့က အရေးပေါ် ဆေးရုံတင်ခဲ့ရသည့် နည်းပြအဖွဲ့ဝင် မက်ဒမ့်ဆေးနှင့် ပတ်သက်၍ “မက်ကို အနားယူဖို့ ခွင့်ပြုထားပါတယ်။ သူပြန်ပြီး ကျန်းမာလာတာ ကောင်းတယ်”ဟု ပြောကြားခဲ့သည်။ အစောပိုင်းတွင် Daily Mail သတင်းဌာနက မန်ယူ၏ နည်းပြအဖွဲ့ဝင်တစ်ဦး ဆေးလွန်သည့် လက္ခဏာဟု ယူဆရသည့် အခြေအနေဖြင့် ဆေးရုံသို့ အရေးပေါ် တင်ခဲ့ရသည်ဟု ရေးသားဖော်ပြခဲ့သော်လည်း မည့်သည့်ဆေးလွန်သည်ကို ဖော်ပြခြင်းမရှိခဲ့ပေ။ မန်ယူအသင်းကမူ မက်ဒမ့်ဆေး နာမကျန်းဖြစ်၍ အရေးပေါ် ဆေးရုံတင်ခဲ့ရသည်ဟု ပြောကြားထားသည်။