News

POST TYPE

SPORTS

လမ်းပတ်၏ ချဲလ်ဆီးနည်းပြပွဲဦးထွက် သရေလဒ်နှင့် ကျေနပ်ခဲ့ရ
11-Jul-2019


ဒဗ္ဗလင်၊ ဇူလိုင် ၁၁

အိုင်ယာလန်နိုင်ငံတွင် ရာသီကြိုခြေစမ်းပွဲစဉ် သွာရောက်ကစားနေသည့် ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းသည် အသင်း၏နည်းပြသစ် ဖရန့်လမ်းပတ်၏ ပထမဆုံးပွဲဦးထွက် ပွဲစဉ်တွင် အိုင်ယာလန်ကလပ် ဘိုဟီမီယန်းစ် အသင်းကို ၁-၁ ဂိုး ရလဒ်ဖြင့်ကစားနိုင်ခဲ့သည်။

လမ်းပတ်၏ ချဲလ်ဆီးနည်းပြ ပွဲဦးထွက်အတွက် အသင်းပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြပြီး သရေရလဒ်အပေါ် မချင့်မရဲဖြစ်ခဲ့သော်လည်း ယင်းပွဲစဉ်တွင် ချဲလ်ဆီးအသင်း၏ ကစားသမား အများစုသည် ကြိုးကြိုးစားစား ကစားခဲ့ကြပြီး နည်းပြသစ်လမ်းပတ်၏ နည်းစနစ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများကြောင့် အနိုင်ရလဒ်ဖြင့် အဆုံးမသတ်နိုင်ခြင်းဖြစ်သည်ဟု မီဒီယာများက ဖော်ပြထားသည်။

လမ်းပတ်က “ကျွန်တော်တို့အားလုံး အားသွန်ခွန်စိုက် ကစားနိုင်ခဲ့တယ်။ ဒီနေ့ပွဲစဉ်ရဲ့ရလဒ်က အဓိက ပစ်မှတ်မဟုတ်ဘူးလို့ ဆိုချင်ပါတယ်။ အသင်းကို နေရာပေါင်းစုံက ဘယ်လိုတိုးတက်အောင်လုပ်ကြမလဲ ဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်။ ပျော်ရွှင်ရပါတယ်။ ကစားသမားတွေအားလုံး ပြောတဲ့အတိုင်း ကစားနိုင်ကြသလို သူတို့ရဲ့တက်ကြွမှုတွေကို မြင်တွေ့ခဲ့ရတယ်။ ဒီအခြေအနေမျိုးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့က ပိုအရေးကြီးပါတယ်။”ဟု ချဲလ်ဆီး TV အစီအစဉ်တွင် ပြောကြားခဲ့သည်။

ယင်းပွဲစဉ် ပွဲကစားချိန် ၈ မိနစ်တွင် ချဲလ်ဆီးအသင်းသည် ကနေဒီ၏ ဘီးကုတ်စက်ဝိုင်းအပြင်ဘက်မှ ဘယ်ခြေဖြင့် အပြင်းကန်ချက်ကြောင့် လျှံထွက်လာသည့် ဘောလုံးကို ဘက်ရွာရီက အမှားအယွင်းမရှိ ကန်သွင်းကာ ပွဲပြီးကာနီးအထိ ဦးဆောင်နိုင်ခဲ့သော်လည်း ၈၉ မိနစ်အရောက်တွင် ဘိုဟီမီယန်းစ် ကစားသမား မိုလ်လွိုင်း၏ ချေပဂိုးကြောင့် ချဲလ်ဆီးအသင်း အနိုင်ရလဒ်နှင့် ဝေးကွာခဲ့ရသည်။