News

POST TYPE

SPORTS

ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်သွားခြင်းက ကမ္ဘာ့အထင်ကရ အားကစားပြိုင်ပွဲများ လက်ခံ ကျင်းပခွင့်ကို ဆုံးရှုံးစေနိုင်

နယူးယောက်၊ နိုဝင်ဘာ ၁၂

အမေရိကန် ပြည်ထောင်စု ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် အနိုင် ရသွားခြင်းသည် အမေရိကန် ပြည်ထောင်စုအတွက် ကမ္ဘာ့အထင်ကရ အားကစား ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိနိုင်ရန် လျှောက်ထားရာတွင် ထိုးနှက်ချက် တစ်ရပ်ဖြစ်လာနိုင်ကြောင်း BBC က ဖော်ပြထားသည်။

၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ် ပြိုင်ပွဲများကို အိမ်ရှင်ဖြစ်ခွင့်ရရန် လျှောက်ထားသည့် လော့စ်အိန်ဂျလိစ်မြို့သည် အမေရိကန် ပြည်ထောင်စု၏ သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက် တင်မြှောက်ခံလိုက်ရပြီးချိန်တွင် ရေပန်းစားမှု လွန်စွာ လျော့ကျသွားခဲ့ကာ လော့စ်အိန်ဂျလိစ်မြို့တော်ဝန် အီရစ်ဂါဆက်တီကလည်း အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ အဖွဲ့ဝင် အများစုမှာ အမေရိကန် သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက် တင်မြှောက်ခံလိုက်ရသည်ကို သဘောမကျမှုများ ရှိနေကြောင်း ဖွင့်ဟ အသိပေးထားသည်။

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီသည် လာမည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ် ပြိုင်ပွဲများအတွက် အိမ်ရှင် ရွေးချယ်တော့မည်ဖြစ်ကာ နောက်ဆုံးဆန်ခါတင် စာရင်းတွင် လော့စ်အိန်ဂျလိစ်မြို့နှင့်အတူ ပဲရစ်မြို့နှင့် ဘူဒါပက်စ်မြို့တို့ ပါဝင်နေကြသည်။

လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ဂါဆက်တီသည် ဒီမိုကရက်ပါတီဝင် တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲ ကာလအတွင်း ဟီလာရီ ကလင်တန်ကို အပြည့်အဝ ထောက်ခံခဲ့သူဖြစ်ကာ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အောင်ပွဲခံသွားခဲ့အပြီး၌ ၂၀၂၄ နွေရာသီ အိုလံပစ်ပြိုင်ပွဲနှင့် မသန်စွမ်း အိုလံပစ်ပြိုင်ပွဲများကို လက်ခံကျင်းပရန်အတွက် ပဲရစ်မြို့က လော့စ်အိန်ဂျလိစ်မြို့ကို ကျော်လွန်ကာ ရေပန်းစားနေပြီဖြစ်သည်။

အမေရိကန် ပြည်ထောင်စု သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ရွေးကောက် တင်မြှောက်ခံလိုက်ရခြင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်ရနိုင်ရန် မျှော်လင့်နေသည့် အမေရိကန် ဘောလုံးအဖွဲ့ချုပ်၏ စိတ်ကူးအိပ်မက်များကိုလည်း ထိခိုက်လာဖွယ်ရှိနေပြီး ဒေါ်နယ်ထရမ့်၏ တရားလက်လွတ် စကားပြောဆိုမှုများနှင့် လုပ်ရပ်များမှာ ဖီဖာအဖွဲ့ဝင် နိုင်ငံများအတွက် စိတ်တိုင်းမကျစရာ ဖြစ်လာနိုင်ကြောင်း သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

ဖီဖာသည် လက်ရှိတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီးများအလိုက် အလှည့်ကျ ကျင်းပခွင့် ပေးလျက်ရှိပြီး ယင်းစနစ်အရ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပခွင့်ကို မြောက်အမေရိကတိုက်က ရရှိရန် သေချာနေပြီဖြစ်သည်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့် ရနိုင်ရန် အမေရိကန် ပြည်ထောင်စုနှင့်အပြိုင် မက္ကဆီကိုနှင့် ကနေဒါတို့ကလည်း စိတ်ဝင်စားနေကြသည်။