News

POST TYPE

SPORTS

ကိုးနှစ်အတွင်း ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးစံချိန်ဖြင့် ချန်ပီယံဖြစ်သည့် အသင်းအဖြစ် လီဗာပူး မှတ်တမ်းဝင်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ သမိုင်းကြောင်းတစ်လျှောက် အဆိုးရွားဆုံးတိုက်စစ်မှူးအဖြစ် ဟယ်ရီကိန်း သတ်မှတ်ခံရ
02-Jun-2019


မက်ဒရစ်၊ ဇွန် ၂

စပါးကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ဆွတ်ခူးကိုင်မြှောက်သွားခဲ့သည့် လီဗာပူးအသင်းသည် ကိုးနှစ်တာကာလအတွင်း ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးစံချိန်ဖြင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သောအသင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူးသည် စပါးနှင့်ယှဉ်ပြိုင် ကစားခဲ့သည့် ယင်းချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘောလုံးပိုင်ဆိုင်မှုပမာဏ ၃၅ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ယခုပွဲစဉ်တွင် ၎င်းတို့အနေနှင့် ကစားပုံကောင်းမွန်ရေးထက် ရလဒ်ကို အဓိကဦးတည်ကာ ကစားခဲ့ခြင်းဖြစ်သည်ဟု ပွဲအပြီးတွင် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ဖွင့်ဟဝန်ခံသွား ခဲ့သည်။

လီဗာပူးမတိုင်မီတွင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှု အနည်းပါးဆုံး စံချိန်ဖြင့် ချန်ပီယံဖြစ်ခဲ့ဖူးသောအသင်းမှာ နည်းပြမော်ရင်ညို၏ ဦးဆောင်မှုဖြင့် ၂၀၁၀ ပြည့်နှစ်က ဘိုင်ယန်မြူးနစ်ကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ၍ ချန်ပီယံဖြစ်ခဲ့သော အင်တာမီလန်ဖြစ်သည်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသည် လီဗာပူးနှင့်ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ထုတ်ဖော်ပြသခဲ့သော စွမ်းဆောင်ရည်များအရ ချန်ပီယံလိဂ် ဗိုလ်လုပွဲသမိုင်းတစ်လျှောက် ခြေစွမ်းအဆိုးရွားဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံလိုက်ရပြီဖြစ်ပြီး ဟယ်ရီကိန်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘောလုံးထိချက် ၄၀ နှင့် ဂိုးကန်သွင်းချက် တစ်ကြိမ်တည်းသာ ရှိခဲ့ကြောင်း စစ်တမ်းများက အသိပေးထားသည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင် လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က “ကျွန်တော်တို့တွေ ပုံစံကောင်းရရှိဖို့ ရုန်းကန်ခဲ့ရတယ်ဆိုတာကို ဝန်ခံပါတယ်။ စပါးဆိုတာ လွယ်ကူတဲ့ပြိုင်ဘက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ဗိုလ်လုပွဲတွေမှာ ရလဒ်ကို ဦးတည်ကစားတာကပဲ အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပွဲမှာ အနိုင်ရလဒ်ကို ဘယ်နည်းနဲ့ရနိုင်မလဲကိုပဲ ကျွန်တော် တွေးဆပြင်ဆင်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာ ကျွန်တော်တို့ အလိုရှိတဲ့အတိုင်း ချန်ပီယံဖြစ်ခွင့်ရခဲ့လို့ ကျေနပ်မိပါတယ်”ဟု ပြောကြားသွားသည်။

E-11