News

POST TYPE

SPORTS

အလဲထိုးဘုရင် ဂျိုရွှာကို အန်ဒီရူအစ်ဇ်ဂျူနီယာ အလဲထိုးဖြင့် အနိုင်ယူ၊ ဂျိုရွှာအတွက် ပထမဆုံးရှုံးပွဲကြုံရခြင်းဖြစ်
02-Jun-2019



နယူးယောက်၊ ဇွန် ၂

ဟဲဗီးဝိတ်တန်းတွင် အလဲထိုးဘုရင်အဖြစ် နာမည်ကျော်ကြားလျက်ရှိသူ ဗြိတိန်လက်ဝှေ့ကစားသမား ဂျိုရွှာသည် ၎င်းဆွတ်ခူးရရှိထားသော ရွှေခါးပတ်များအတွက် ချန်ပီယံဆုကာကွယ်ပွဲအဖြစ် မက္ကဆီကိုလက်ဝှေ့ကစားသမား အန်ဒီရူအစ်ဇ်ဂျူနီယာနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် အလဲထိုးဖြင့် ရှုံးနိမ့်သွားခဲ့ရပြီး ယခုပွဲစဉ်တွင် ဂျိုရွှာမှာ အန်ဒီရူအစ်ဇ်ဂျူနီယာကို လက်ရည်ချင်း မယှဉ်နိုင်သည်အထိပင် ဖြစ်နေခဲ့သည်ကို အံ့အားသင့်ဖွယ်ရာ မြင်တွေ့ခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။

ဂျိုရွှာနှင့် အန်ဒီရူအစ်ဇ်ဂျူနီယာတို့၏ စိန်ခေါ်ပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ မာဒီဆန်စကွဲရားဂါးဒင်းတွင် ကျင်းပခဲ့ခြင်းဖြစ်ကာ ဂျိုရွှာမှာ ပွဲအစကတည်းကပင် အထနှေးလွန်းခဲ့သည့်အတွက် အောက်စည်းအနေအထားသို့ တဖြည်းဖြည်းချင်း ရောက်ရှိသွားခဲ့ရခြင်းဖြစ်သည်။

ဂျိုရွှာသည် အန်ဒီရူအစ်ဇ်ဂျူနီယာ၏လက်သီးချက်များကို တောင့်ခံနိုင်ခြင်း မရှိခဲ့သည့်အတွက် ကြိုးဝိုင်းကြမ်းပြင်ထက်သို့ လေးကြိမ်တိုင် လဲကျခဲ့ကာ ပွဲချီခုနစ်ချီမြောက်သို့အရောက်တွင် အန်ဒီရူအစ်ဇ်ဂျူနီယာက ဂျိုရွှာကို အလဲထိုး၍ ဂျိုရွှာ ဆွတ်ခူးရရှိထားသည့် ကမ္ဘာ့ချန်ပီယံဘွဲ့များကို လက်လွှဲပြောင်းရယူသွားခဲ့သည်။

ဂျိုရွှာနှင့် အန်ဒီရူအစ်ဇ်ဂျူနီယာတို့၏ပွဲစဉ်သည် လက်ဝှေ့အားကစားနည်း သမိုင်းကြောင်းတစ်လျှောက်တွင် အံ့အားသင့်ဖွယ်ရာ ကမောက်ကမရလဒ် အဖြစ်ခဲ့ဆုံးပွဲစဉ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး ယခုပွဲစဉ်တွင် အနိုင်ရလဒ်ကိုရရှိသွားခဲ့သော အန်ဒီရူအစ်ဇ်ဂျူနီယာမှာ မက္ကဆီကိုလက်ဝှေ့ကစားသမားများအနက်မှနေ၍ ဟဲဗီးဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်များကို ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်သည်။

ဂျိုရွှာသည် အရှုံးရလဒ်ကြောင့် ၎င်းဆွတ်ခူးရရှိထားသည့် WBA၊ WBO နှင့် IBF ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုများကို ဆုံးရှုံးသွားခဲ့ရပြီး ယခုပွဲစဉ်မှာ ဂျိုရွှာအတွက် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ပထမဆုံး ရှုံးပွဲကြုံရသောပွဲစဉ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်သည်။

ဂျိုရွှာသည် ၎င်း၏ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ဖြတ်သန်းမှုအတွင်း ပွဲစဉ်ပေါင်း ၂၃ ပွဲ ယှဉ်ပြိုင်ခဲ့ရာတွင် ၂၂ ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ် ဖြစ်သွားခဲ့ပြီဖြစ်ပြီး အနိုင်ရရှိခဲ့သော ပွဲစဉ်ပေါင်း ၂၂ ပွဲတွင် ဂျိုရွှာကာ ၂၁ ပွဲကို အလဲထိုးအနိုင်ယူကာ အလဲထိုးဘုရင်အဖြစ် နာမည်စိုက်ထူထားခဲ့ခြင်းဖြစ်သည်။

E-11