News

POST TYPE

SPORTS

ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် အန်ဒီမာရေး ဗိုလ်စွဲ
08-Nov-2016 tagged as တင်းနစ်

ပဲရစ်၊ နိုဝင်ဘာ ၇

ကမ္ဘာ့အဆင့်တစ် နေရာသို့ တက်လှမ်းရောက်ရှိလာခဲ့ပြီ ဖြစ်သည့် ဗြိတိန်တင်းနစ် ကစားသမား အန်ဒီမာရေးသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပပြီးစီးသွားခဲ့သည့် ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။

အန်ဒီမာရေးသည် ပဲရစ်မာစတာ တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် အမေရိကန် တင်းနစ်ကစားသမား ဂျွန်အစ္စနာနှင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်ကာ အဆိုပါပွဲစဉ်တွင် အန်ဒီမာရေးက အဆုံးအဖြတ်ပွဲလတ် ရောက်ရှိသည့်တိုင် အကြိတ်အနယ် ယှဉ်ပြိုင်ကစား၍ ဆုဖလား ဆွတ်ခူးသွားခဲ့ခြင်း ဖြစ်သည်။

အန်ဒီမာရေးသည် ပထမပွဲလတ်တွင် ဂျွန်အစ္စနာကို ၆-၃ ဖြင့် အနိုင်ရခဲ့သော်လည်း ဒုတိယပွဲလတ်တွင် ၆-၇(၄-၇) ဖြင့် ပြန်လည်အရေးနိမ့်သွားခဲ့သည့်အတွက် အဆုံးအဖြတ်ပွဲလတ် ဆက်လက်ယှဉ်ပြိုင်လိုက်ရခြင်း ဖြစ်ပြီး အဆိုပါ အဆုံးအဖြတ်ပွဲလတ်တွင် အန်ဒီမာရေးက ၆-၄ ဖြင့် အနိုင်ရရှိကာ ၎င်း၏ ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ပဲရစ်မာစတာ ဆုဖလားကို ပထမဆုံးအကြိမ်အဖြစ် ကိုင်မြှောက်ခွင့် ရသွားခဲ့ခြင်း ဖြစ်သည်။

အသက် ၂၉ နှစ် အရွယ်ရှိ အန်ဒီမာရေးသည် ကမ္ဘာ့အဆင့်တစ် နေရာသို့ တက်လှမ်းရောက်ရှိခဲ့သည့် တင်းနစ်ကစားသမားများ အနက်တွင် ဒုတိယမြောက် အသက်အကြီးဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကာ ၎င်းထက်ပို၍ အသက်ကြီးသူမှာ အသက် ၃၀ နှစ်နှင့် ၁၁ ရက် အရွယ်တွင် ကမ္ဘာ့အဆင့်တစ် နေရာသို့ တက်လှမ်းရောက်ရှိခဲ့သည့် သြစတြေးလျ တင်းနစ်ကစားသမား ဂျွန်နယူးကွမ်ဘီ ဖြစ်သည်။

အန်ဒီမာရေးသည် လက်ရှိ ၂၀၁၆ ခုနှစ် အတွင်း၌ အိုလံပစ်ပြိုင်ပွဲ၊ ဝင်ဘယ်လ်ဒန် တင်းနစ်ပြိုင်ပွဲနှင့် အေတီပီပြိုင်ပွဲ ခြောက်ခုတို့တွင် ဗိုလ်စွဲခဲ့ပြီး ရာသီသိမ်း World Tour Finals တင်းနစ်ပြိုင်ပွဲကို ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားအဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ကို ၎င်းအနေနှင့် လွန်စွာ စိတ်လှုပ်ရှားနေမိကြောင်း အန်ဒီမာရေးက ဖွင့်ဟပြောကြားထားသည်။

ကမ္ဘာ့အဆင့်တစ် နေရာတွင် သီတင်းပတ်ပေါင်း ၁၂၂ ပတ်ကြာ ရပ်တည်ခဲ့ပြီးသည့်နောက် အန်ဒီမာရေးကို နေရာဖယ်ပေးလိုက်ရသည့် ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် ရာသီသိမ်း World Tour Finals တင်းနစ်ပြိုင်ပွဲတွင် ပွဲစဉ်အားလုံးကို အနိုင်ယူ၍ ချန်ပီယံဖြစ်ခွင့် ရရှိခဲ့မည် ဆိုပါက ကမ္ဘာ့အဆင့်တစ် နေရာကို ပြန်လည်ရရှိလိမ့်မည် ဖြစ်သည်။