News

POST TYPE

SPORTS

ကမ္ဘာ့အဆင့်တစ် နေရာသို့ အန်ဒီမာရေး တက်လှမ်း
07-Nov-2016 tagged as တင်းနစ်

လန်ဒန်၊ နိုဝင်ဘာ ၆

ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးသည် ပဲရစ်မာစတာ အိုးပင်းတင်းနစ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းရောက်ရှိသွားခဲ့ အပြီး၌ ကမ္ဘာ့အဆင့်တစ် နေရာကို ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ထံမှနေ၍ လွှဲပြောင်းရယူသွားနိုင်ခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အန်ဒီမာရေးသည် ဗြိတိန်တင်းနစ် ကစားသမားများ အနက်၌ ကမ္ဘာ့အဆင့်တစ် နေရာသို့ တက်လှမ်းနိုင်ခဲ့သည့် ပထမဆုံး တင်းနစ်ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ကာ ၎င်းအနေနှင့် ကမ္ဘာ့အဆင့်တစ် နေရာတွင် တက်ရောက်ရပ်တည်ကာ သမိုင်းသစ်တစ်ခု ရေးထိုးနိုင်လိမ့်မည်ဟု မည်သည့်အခါကမျှ အိပ်မက်မက်ခဲ့ဖူးကြောင်း အန်ဒီမာရေးက ဖွင့်ဟပြောဆိုသွားခဲ့သည်။

အန်ဒီမာရေးသည် ပဲရစ်မာစတာအိုးပင်း ဆီမီးဖိုင်နယ်အဆင့်တွင် ကနေဒါ တင်းနစ်ကစားသမား ရာအိုနစ်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကာ အဆိုပါပွဲစဉ်ကို ရာအိုနစ်က ဒဏ်ရာပြဿနာကြောင့် မယှဉ်ပြိုင်ဘဲ နုတ်ထွက်သွားခဲ့သည့်အတွက် အန်ဒီမာရေးက ဗိုလ်လုပွဲအဆင့်သို့ အလိုအလျောက် တက်ရောက်ခွင့်ရကာ ကမ္ဘာ့အဆင့်တစ်နေရာကိုပါ လွှဲပြောင်းရယူသွားနိုင်ခဲ့ခြင်း ဖြစ်သည်။

အန်ဒီမာရေးသည် လက်ရှိ ၂၀၁၆ ခုနှစ်အတွင်း၌ ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲနှင့် အိုလံပစ်ပြိုင်ပွဲတို့တွင် ချန်ပီယံဖြစ်ခဲ့ကာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ ၁၂ ခုတွင် ၁၁ ခု၌ ဗိုလ်လုပွဲအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းက အန်ဒီမာရေးကို ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား ဖြစ်လာစေရန် အကောင်းဆုံး ထောက်ပံ့ကူညီခဲ့ခြင်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘဝ ဖြတ်သန်းမှုအတွင်း ဂရင်းဆလင်း ဆုဖလား ၁၂ လုံး ဆွတ်ခူးရရှိထားပြီ ဖြစ်သော ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်သည် ကမ္ဘာ့အဆင့်တစ် နေရာတွင် သီတင်းပတ်ပေါင်း ၁၂၂ ပတ်ကြာ ရပ်တည်ခဲ့အပြီးတွင် အန်ဒီမာရေးကို လက်လွှဲပေးလိုက်ရခြင်း ဖြစ်သည်။