News

POST TYPE

SPORTS

မော်ရင်ညိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် ကြိုးပမ်းနေသည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဂျူဗင်တပ် ရှင်းလင်း၊ ပိုချက်တီနိုသာလျှင် အဓိကပစ်မှတ်ဖြစ်
11-May-2019

တူရင်၊ မေ ၁၁

ဂျူဗင်တပ်အသင်း တာဝန်ရှိသူများသည် အသင်းနည်းပြသစ်အဖြစ် မန်ယူနည်းပြဟောင်း မော်ရင်ညိုကို ခန့်အပ်ရန် ကြိုးပမ်းနေသည်ဟူသော သတင်းများကို ငြင်းဆန်ပယ်ချပစ်လိုက်ပြီး ၎င်းတို့၏ အဓိကပစ်မှတ်မှာ မော်ရင်ညိုမဟုတ်ဘဲ စပါးနည်းပြ ပိုချက်တီနိုသာလျှင်ဖြစ်သည်ဟု ဂျူဗင်တပ်အသင်း ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးက အသိပေးထားကြောင်း Football Italia က ဖော်ပြထားသည်။

ဂျူဗင်တပ်အသင်းသည် ပြည်တွင်းအမှတ်ပေး ချန်ပီယံဆုကို ရှစ်နှစ်ဆက်တိုက် ဆွတ်ခူးရရှိခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင်မူ ကျရှုံးမှုများဖြင့်သာ ရင်ဆိုင်နေရဆဲဖြစ်ပြီး ယင်းအတွက် နည်းပြ အယ်လ်လီဂရီကို ရာထူးထုတ်ပယ်၍ နည်းပြသစ်တစ်ဦး ခေါ်ယူခန့်အပ်ရန် ၎င်းတို့က စဉ်းစားလာခဲ့ကြခြင်းဖြစ်သည်။

မော်ရင်ညို၏ အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်သည် လွန်ခဲ့သည့်သီတင်းပတ်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုကို ခေါ်ယူရန် ချိတ်ဆက်နေသော အသင်းများအနက်၌ ဂျူဗင်တပ်လည်း ပါဝင်နေသည်ဟု သဘောသက်ရောက်သော စကားမျိုးကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဂျူဗင်တပ်အသင်း တာဝန်ရှိသူများကမူ မော်ရင်ညို၏မူဝါဒနှင့် ဘောလုံးဒသနမှာ ဂျူဗင်တပ်အသင်း၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း မရှိပါကြောင်း မှတ်ချက်ပေးကာ ငြင်းဆန်ပယ်ချပစ်လိုက်ခြင်းဖြစ်သည်။

စပါးနည်းပြ ပိုချက်တီနိုသည် ၎င်းအနေနှင့် လီဗာပူးနှင့်ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် အနာဂတ်နှင့်ပတ်သတ်၍ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ခြေရှိကြောင်း ဖွင့်ဟပြောကြားထားပြီဖြစ်ပြီး ပိုချက်တီနိုမှာ စပါးကို စွန့်ခွာရန် အခြေအနေများရှိနေသည့်အတွက် ၎င်းကိုခေါ်ယူရန် ဂျူဗင်တပ်က စိတ်ဝင်စားနေခြင်းဖြစ်သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် လာမည့် ဘောလုံးရာသီသစ် မစတင်မီတွင် လုပ်ငန်းခွင် ပြန်ဝင်တော့မည်ဖြစ်ကြောင်း အသိပေးထားပြီး မည်သည့်အသင်းကို မော်ရင်ညို တာဝန်ယူဖြစ်လိမ့်မည်ဆိုခြင်းကို ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပရိသတ်များကလည်း စိတ်ဝင်တစားရှိနေကြသည်။

E-11