News

POST TYPE

SPORTS

ပင်နယ်တီဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ကံကောင်းထောက်မစွာနဲ့နိုင်သွားခဲ့တဲ့ မန်ယူ
13-Apr-2019


မန်ယူ     ၂ - ၁    ဝက်စ်ဟမ်း

 

မန်ယူဟာ ဂိုးသမားနေရာမှာ ဒီဂီယာ၊ နောက်တန်းမှာ ဒါလော့တ်၊ စမောလင်း၊ ဖီးလ်ဂျုံးစ်နဲ့ ရိုဂျို၊ ကွင်းလယ်ခံစစ်မှာ ဖရက်ဒ်နဲ့ ပေါ့ဂ်ဘာ၊ တိုက်စစ်တောင်ပံတွေမှာ လင်းဂတ်ဒ်နဲ့ မာတီရယ်လ်၊ နောက်ချန်တိုက်စစ်မှာ မာတာ၊ အထောင်တိုက်စစ်မှာ လုကာကုတို့ကို ထည့်သွင်းပြီး ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်သွားခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ဖရက်ဒ်နဲ့တွဲပြီး ကွင်းလယ်ခံစစ်ကို တာဝန်ယူခဲ့ရတာကြောင့် တိုက်စစ်ကို စိတ်ကြိုက်လိုက်ပါ ပံ့ပိုးပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ လုကာကုဟာ အမှန်တကယ် ကစားချိန်မှာ တောင်ပံနှစ်ဖက်မှာ အချိန်ကုန်နေခဲ့လို့ ဗဟိုတိုက်စစ်မှာ အဆုံးသတ်မယ့်သူ မရှိသလိုဖြစ်နေခဲ့ရတာဟာလည်း မန်ယူအတွက် အားနည်းချက်တစ်ရပ်ဖြစ်ခဲ့ရပါတယ်။

 

ဝက်စ်ဟမ်းကတော့ ဂိုးသမားနေရာမှာ ဖေဘီယန်စကီး၊ ခံစစ်မှာ ဇာဘလက်တာ၊ ဘယ်လ်ဘျူးနား၊ အော့ဂ်ဘွန်နာနဲ့ မာဆူအေကူ၊ ကွင်းလယ်ခံစစ်နေရာမှာ ဒက်ကလန်ရွိုက်စ်၊ ကွင်းလယ်မှာ အန်ဒါဆန်၊ နိုဘယ်လ်၊ ဆနော့ဒ်ဂရက်စ်နဲ့ လန်ဇီနီ၊ တိုက်စစ်အထောင်နေရာမှာ ဟာနန်ဒက်ဇ်တို့ကို ထားရှိပြီး မန်ယူကို ၄-၁-၄-၁ ကစားကွက်နဲ့ တုံ့ပြန်ရင်ဆိုင်သွားခဲ့ပါတယ်။ နှစ်သင်းလုံးဟာ တောင်ပံတွေကနေ ဖြတ်တင်ဘောတွေ ပေးပို့နိုင်ဖို့ကို အဓိက အားထုတ်သွားခဲ့ပြီး ဒီဖြတ်တင်ဘောတွေကို ခေါင်းတိုက်ခြင်း ဒါမှမဟုတ် ပြေးဝင်ပိတ်သွင်းခြင်းနဲ့ အဆုံးသတ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

 

မန်ယူဟာ ဒီပွဲမှာ ဂိုးသမား ဒီဂီယာကို အသင်းခေါင်းဆောင်လက်ပတ် ပေးအပ်ထားခဲ့ပြီး ဒါဟာ ဒီဂီယာကို စာချုပ်သစ်ချုပ်နိုင်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေပြီး စည်းရုံးရေးဆင်းတာဖြစ်နိုင်တယ်လို့ နိုင်ငံတကာအားကစားသတင်းမီဒီယာတွေက သုံးသပ်သွားခဲ့ပါတယ်။ မန်ယူကွင်းလယ်မှာ ဖရက်ဒ်က ဘောလုံးပျက်တာ၊ ဘောလုံးပေးပို့မှု မမှန်တာတွေ ရှိခဲ့ပြီး လင်းဂတ်ဒ်ကလည်း အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ ဝက်စ်ဟမ်းကွင်းလယ်လူ ဟန်ဒါဆန်ဟာ ပွဲအစ ကိုးမိနစ်မှာ အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံသတ်မှတ်ခဲ့လို့ ဂိုးတော့ ရမသွားခဲ့ပါဘူး။

 

မန်ယူကတော့ ပွဲကစားချိန် ၁၉ မိနစ်အရောက်မှာ ပင်နယ်တီအခွင့်အရေးရသွားခဲ့ပြီး ဒီပင်နယ်တီဟာ မန်ယူနောက်ချန်တိုက်စစ်မှူး မာတာကို ဝက်စ်ဟမ်းကွင်းလယ်လူ ဆနော့ဒ်ဂရက်စ်က လူချကစားလိုက်မိလို့ ပေးလိုက်ရတာဖြစ်ပါတယ်။ ပင်နယ်တီကို ပေါ့ဂ်ဘာက တည်တည်ငြိမ်ငြိမ်ကန်သွင်းပြီး မန်ယူအတွက် အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်နှစ်ရပ်မှာ ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)စနစ် မရှိခဲ့တာကြောင့် ဒွိဟဖြစ်ဖွယ် အခြေအနေတွေ ရှိခဲ့ပါတယ်။ အန်ဒါဆန်ဟာ ဂိုးသွင်းယူချိန်မှာ မန်ယူနောက်ခံလူ ဒါလော့တ်နဲ့ အနည်းကယ်ကပ်ငြိနေခဲ့လို့ လူမကျွံတဲ့အနေအထားမှာရှိသလို ဆနော့ဒ်ဂရက်စ်က မာတာကို လူချခဲ့တာဟာလည်း ဂိုးဧရိယာထဲမရောက်ဘဲ ဂိုးစည်းထက်တည့်တည့်မှာဆိုတဲ့အခြေအနေမျိုးဖြစ်နေခဲ့ပါတယ်။ ပထမပိုင်းရဲ့လက်ကျန်ပွဲချိန်တွေမှာ အသင်းနှစ်သင်းလုံးက အခွင့်အရေးတွေ ကိုယ်စီကိုယ်ငှဖန်တီးနိုင်ခဲ့ကြပေမယ့် ဂိုးမရခဲ့လို့ ပထမပိုင်းအပြီးမှာ မန်ယူက ပွဲကို တစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

 

ဒုတိယပိုင်းပွဲစပြီး လေးမိနစ်အကြာမှာတော့ ဝက်စ်ဟမ်းဟာ မန်ယူဘက်ကို ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။ ဒီဂိုးပေးလိုက်ရတာမှာ ပေါ့ဂ်ဘာရဲ့ပေါ့လျော့မှုကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားခဲ့ပါတယ်။ ဒီဂီယာဟာ သူဖမ်းမိခဲ့တဲ့ဘောလုံးကို ပေါ့ဂ်ဘာဆီ လက်နဲ့ပစ်ပြီး ပေးလိုက်ပေမယ့် ပေါ့ဂ်ဘာက တုံ့နှေးလွန်းနေခဲ့လို့ ဝက်စ်ဟမ်းဘက်က ဘောလုံးရသွားပြီး ချေပဂိုးရမယ့် တိုက်စစ်အစပြုမှုကို ဆောင်ရွက်သွားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ချေပဂိုးကို ဘယ်တောင်ပံကနေ လန်ဇီနီ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကနေတစ်ဆင့် မန်ယူကစားသမားတွေရဲ့လူကပ်ထိန်းချုပ်ခြင်း မခံထားရတဲ့ အန်ဒါဆန်က ဂိုးပေါက်နဲ့ အနီးကပ်အနေအထားကနေ လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းယူသွားခဲ့တာပါ။ မန်ယူဂိုးသမား ဒီဂီယာဟာ အန်ဒါဆန်ရဲ့ကန်ချက်ကို ပုတ်ထုတ်ကာကွယ်ဖို့ ကြိုးပမ်းခဲ့သေးပေမယ့် မအောင်မြင်လိုက်ဘဲ ဂိုးပေးလိုက်ရတာလည်းဖြစ်ပါတယ်။

 

ချေပဂိုးပေးလိုက်ရပြီးတာနဲ့ မန်ယူနည်းပြ ဆိုးလ်ရှားဟာ မာတာကို ထုတ်ပြီး အဲ့ဒီနေရာမှာ ရတ်ရှ်ဖို့ဒ်ကို လူစားလဲလှယ်ထည့်သွင်းလို့ အသင်းနည်းဗျူဟာကို အပြောင်းအလဲ ချက်ချင်းလုပ်ပစ်လိုက်ပါတယ်။ ရတ်ရှ်ဖို့ဒ် လူစားလဲဝင်ရောက်လာပြီးချိန်မှာ မန်ယူတိုက်စစ်ကစားပုံ အနည်းငယ်ပြန်ကောင်းသွားခဲ့ပြီး ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတစ်ချို့လည်း ပြန်ဖန်တီးလာနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းကလည်း အနိုင်ဂိုးသွင်းယူနိုင်ဖို့အတွက် ကစားအားကျလာတဲ့ ဟာနန်ဒက်ဇ်ကိုထုတ်ပြီး အန်တိုနီယိုကို လူစားလဲလှယ်ထည့်သွင်းခဲ့ပါတယ်။ အန်တိုနီယိုဟာ ဂိုးရယူနိုင်လောက်မယ့် အခွင့်အရေးတွေ ပိုင်ဆိုင်ရရှိခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာက အံ့သြလောက်ဖွယ်ရာ လက်စွမ်းပြကာကွယ်သွားခဲ့လို့ ကံဆိုးခဲ့ရပါတယ်။ မန်ယူဟာ ပွဲကစားချိန် မိနစ် ၈၀ အရောက်မှာတော့ ဒုတိယမြောက်ပင်နယ်တီအခွင့်အရေး ထပ်မံရရှိသွားခဲ့ပါတယ်။ ကွင်းလယ်ကနေ ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးယူလာတဲ့ မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ပင်နယ်တီဧရိယာထဲမှာ လူစားဝင်လာသူ ဖရက်ဒရစ်ခ်က လူချကစားခဲ့လို့ ဝက်စ်ဟမ်းဟာ ဒီပင်နယ်တီကို ပေးလိုက်ရတာပါ။ ပင်နယ်တီကို ပေါ့ဂ်ဘာကပဲ အမှားအယွင်းမရှိကန်သွင်းပြီး မန်ယူအတွက် အဖိုးတန်အနိုင်ဂိုးကို ရယူပေးသွားခဲ့ပါတယ်။

 

မန်ယူဟာ ဒီပွဲမှာ အနိုင်သုံးမှတ်ရယူနိုင်ခဲ့တယ်ဆိုတာကလွဲရင် ဘာတစ်ခုမှ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ပါဘူး။ ကစားပုံအရ မန်ယူထက် ဝက်စ်ဟမ်းကတောင် ပိုပြီးကောင်းနေခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ယူကို ဆိုးလ်ရှား စတင်တာဝန်ယူခဲ့စဉ်ကလိုမျိုး စိတ်အားမှုထက်သန်မှုအပြည့်နဲ့ ကစားပေးခြင်း မရှိတော့တာဟာလည်း အသင်းအတွက် ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ မန်ယူခံစစ်ပါပဲ။ ဒီနေ့မှာ ရိုဂျိုကို ပွဲထုတ်လာတော့လည်း ရိုဂျိုက အမှားတွေများခဲ့ပြီး ဒုတိယပိုင်းတစ်လျှောက်လုံး သူတာဝန်ယူရတဲ့ ခံစစ်တောင်ပံခြမ်းဟာ ပွင့်ထွက်နေခဲ့ပါတယ်။ ဒီခံစစ်ကြောင်းအားနည်းချက်ကို မပြုပြင်နိုင်ဘူးဆိုရင် ရှေ့လာမယ့်ပွဲစဉ်တွေမှာ မန်ယူ အခုထက်ပိုပြီး အခက်ကြုံရတော့မှာပါ။

 

 

 



  • VIA