News

POST TYPE

SPORTS

လူးကပ်စ်မော်ရာရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ ဝှိုက်ဟတ်လိန်းဘောလုံးကွင်းသစ်ကြီးမှာ ဂိုးပြတ်နိုင်ပွဲရယူလိုက်တဲ့ စပါး
13-Apr-2019

လူးကပ်စ်မော်ရာရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ ဝှိုက်ဟတ်လိန်းဘောလုံးကွင်းသစ်ကြီးမှာ ဂိုးပြတ်နိုင်ပွဲရယူလိုက်တဲ့ စပါး

စပါး ၄ - ၀ ဟတ်ဒါးစဖီးလ်

စပါးဟာ ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးသမားနေရာမှာ အယ်လ်လိုရစ်၊ နောက်တန်းမှာ ဗာတွန်ဂန်၊ ဖွိုက်သ်နဲ့ ဆန်းချက်ဇ်၊ ကွင်းလယ်မှာ ဝေါ်လ်ကာ-ပီတားစ်၊ ဆစ်ဆိုကို၊ ၀မ်ယာမာနဲ့ ဘင်ဒေးဗီးစ်၊ တိုက်စစ်မှာ လော်ရန်တေး၊ အီရစ်ခ်ဆန်နဲ့ လူးကပ်စ်မော်ရာတို့ ကစားသွားခဲ့ကြပါတယ်။ ဘင်ဒေးဗီးစ်နဲ့ ဝေါ်လ်ကာ-ပီးယားစ်တို့ဟာ တောင်ပံတစ်လျှောက် အတက်အဆင်း ကစားသွားခဲ့ပြီး ဆစ်ဆိုကိုနဲ့ ၀မ်ယာမာတို့ကလည်း လိုအပ်ရင် လိုအပ်သလို ခံစစ်ကို ဆင်းကူပေးသွားခဲ့ပါတယ်။ ဟယ်ရီကိန်း ဒဏ်ရာရသွားလို့ ဆွန်ဟောင်မင်းကို အရေးကြီးတဲ့ပွဲတွေမှာသာ အသုံးပြုသွားဖို့ ရည်ရွယ်လိုက်တဲ့အတွက် စပါးနည်းပြ ပိုချက်တီနိုဟာ လော်ရန်တေးကို ပွဲထုတ်လိုက်ပေမယ့် လော်ရန်တေးဟာလည်း ဒီပွဲမှာ အသေးစားဒဏ်ရာ ရရှိသွားပုံ ရခဲ့ပါတယ်။

တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဟတ်ဒါးစဖီးလ်ကတော့ ခံစစ်ကို အားပြုတဲ့ ၅-၄-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ အေဟီယာနီ-ဂရန့်ကိုသာ အထောင်တိုက်စစ်မှူးအဖြစ် တင်ကစားသွားခဲ့ပါတယ်။ စပါးဟာ ပွဲစကတည်းက တိုက်စစ်ကို ဖွင့်ကစားပြီး ဂိုးရနိုင်လောက်မယ့် အခွင့်အလမ်းတွေကိုလည်း ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဆုံးသတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေရှိခဲ့လို့ အဖွင့်ဂိုးရဖို့ကို စပါးဟာ ပွဲကစားချိန် ၂၄ မိနစ်ရောက်တဲ့အထိ အချိန် ယူလိုက်ရပါတယ်။ ပွဲကစားချိန် ၂၄ မိနစ်မှာတော့ လော်ရန်တေး ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ၀မ်ယာမာက ဆွဲပြေးယူပြီး ဟတ်ဒါးစဖီးလ်ဂိုးသမား ဟာမားကို လိမ်ခေါက်သွင်းယူကာ စပါးအတွက် အဖွင့်ဂိုးရယူပေးသွားခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာ ဟတ်ဒါးစဖီးလ်က ဟန်ချက်အနည်းငယ်ပျက်သွားခဲ့ပြီး အဲ့ဒါကို အခွင့်ကောင်းယူလို့ ပွဲကစားချိန် ၂၇ မိနစ်အရောက်မှာ စပါးက ဒုတိယဂိုး ရယူသွားခဲ့ပြန်ပါတယ်။ ဒီဂိုးကို ဆစ်ဆိုကို ခင်းပေးလိုက်တဲ့ ဘောလုံးကနေတစ်ဆင့် လူးကပ်စ်မော်ရာက ဂိုးဧရိယာရဲ့ ညာဘက်ခြမ်းကနေ ထောင့်ဖြတ်ဘော အနိမ့်ကန်သွင်းကာ လှလှပပ အဆုံးသတ်သွားခဲ့တာပါ။ ပထမပိုင်းရဲ့ လက်ကျန်ပွဲချိန်တွေမှာလည်း စပါးကသာ ကစားကွက် အသာစီး အနေအထားနဲ့ ပွဲကို ထိန်းချုပ်သွားခဲ့ပြီး အဆုံးသတ် မသေချာခဲ့လို့သာ ဂိုးတွေ မရရှိခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးဆုံးသွားချိန်မှာတော့ စပါးက နှစ်ဂိုး ဂိုးမရှိ အနိုင်ရလဒ်နဲ့ ပွဲကို ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲစတယ်ဆိုတာနဲ့ စပါးဟာ တတိယဂိုး ရနိုင်လောက်တဲ့ အခွင့်အလမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါသေးတယ်။ လော်ရန်တေး ကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ဂိုးဘားတန်းထိပြီး ထွက်သွားခဲ့လို့သာ ဟတ်ဒါးစဖီးလ် သက်သာရာရသွားခဲ့တာပါ။ အဲ့ဒီနောက်မှာ ဟတ်ဒါးစဖီးလ်ကတော့ ချေပဂိုးတွေ ပြန်လည် ရယူနိုင်ဖို့ တိုက်စစ်ဆင်ထိုးဖောက်ခဲ့တာကြောင့် စပါးဟာ တိုက်စစ်ထက် ခံစစ်ကို ပိုမိုအာရုံစိုက်ကစားရတဲ့သဘောမျိုးဖြစ်သွားခဲ့ပါသေးတယ်။ ပွဲကစားချိန် ၇၉ မိနစ်မှာ ဟတ်ဒါးစဖီးလ်က ပြစ်ဒဏ်ဘော ကန်ခွင့်တစ်ရပ် ရရှိခဲ့ပြီး ဒီပြစ်ဒဏ်ဘောကို ဟတ်ဒါးစဖီးလ်ကွင်းလယ်လူ ဘာကူနာက ဂိုးဘားတန်းအောက်ဘက်ဆီ တိုက်ရိုက် အနိမ့်ကပ်လျက် ကန်သွင်းယူဖို့ ကြိုးပမ်းရာမှာ စပါးဂိုးသမား အယ်လ်လိုရစ် ခက်ခက်ခဲခဲ ပုတ်ထုတ်ကာကွယ်လိုက်ရပါတယ်။

ချက်ချင်းဆိုသလိုပဲ တန်ပြန်တိုက်စစ်ကနေပြီး ပွဲကစားချိန် မိနစ် ၈၀ မှာ စပါးက ဂိုးရယူနိုင်ဖို့ အခွင့်အရေးတစ်ရပ် ရရှိခဲ့ပေမယ့် အီရစ်ခ်ဆန် ကန်သွင်းလိုက်ရာမှာ ဂိုးတိုင်ထိ ထွက်သွားခဲ့လို့ စပါး နစ်နာခဲ့ရပြန်ပါတယ်။ ဟတ်ဒါးစဖီးလ်က ဆက်တိုက်ဆိုသလို တိုက်စစ်ဆင်ကစားတာတွေရှိလာလို့ စပါးနည်းပြ ပိုချက်တီနိုဟာ လော်ရန်တေးနေရာမှာ ဆွန်ဟောင်မင်းကို လူစားလဲလှယ်ထည့်သွင်းပြီး စပါးရဲ့တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်ဖို့အတွက် ဟတ်ဒါးစဖီးလ်ကစားသမားအချို့ နောက်ပြန်ဆင်းအောင် စီမံလိုက်ရပါတယ်။ ပိုချက်တီနိုရဲ့လူစားလဲလှယ်မှုဟာ ရာနှုန်းပြည့်မှန်ကန်ခဲ့ပြီး ဆွန်ဟောင်မင်း ပါဝင်ကစားခဲ့တဲ့ ၁၀ မိနစ်လောက်အတွင်းမှာတင်ပဲ စပါးက နှစ်ဂိုးဆက်တိုက် ထပ်မံသွင်းယူသွားနိုင်ခဲ့ပါတယ်။

စပါးရဲ့ တတိယဂိုးကို ပွဲကစားချိန် ၈၇ မိနစ်အရောက်မှာ ညာတောင်ပံကနေ အီရစ်ခ်ဆန်က ဖြတ်တင်ဘောပေးပို့လိုက်တာကို လူးကပ်စ်မော်ရာက ဘယ်ခြေနဲ့ တစ်ချက်ထိန်းပြီး လေပေါ် မြောက်နေတဲ့ဘောလုံးကို မြေမကျဘောကန်သွင်းကာ ရယူပေးသွားခဲ့တာပါ။ စတုတ္ထမြောက်ဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဆွန်ဟောင်မင်း ပေးပို့လိုက်တဲ့ဘောလုံးကနေတစ်ဆင့် လူးကပ်စ်မော်ရာကပဲ ဂိုးဧရိယာထဲကနေ အမှားအယွင်းမရှိ ထောင့်ဖြတ်အမြင့်ဘောကန်သွင်းကာ သူ့ရဲ့ဟက်ထရစ်ဂိုးအဖြစ် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ စပါးဟာ ဒီပွဲစဉ်အပြီးမှာတော့ ရမှတ်စုစုပေါင်း ၆၇ မှတ် ရရှိခြင်းနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်သုံးနေရာဆီကို ပြန်လည် တက်လှမ်းသွားနိုင်ခဲ့ပါတယ်။