News

POST TYPE

SPORTS

ပညာသင်ကြားခဲ့သော အတ်ခ်အယ်လ်ဗင်စာသင်ကျောင်းမှ ကလေးငယ်များအတွက် အက်ဖ်အေဖလားပွဲလက်မှတ်များ စတာလင်း လက်ဆောင်ပေး
04-Apr-2019


မန်ချက်စတာ၊ ဧပြီ ၎

မန်စီးတီးကွင်းလယ်ကစားသမား စတာလင်းသည် ၎င်းတက်ရောက် ပညာသင်ကြားခဲ့သော အတ်ခ်အယ်လ်ဗင် စာသင်ကျောင်းမှ ကလေးငယ်များကို အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် လာရောက် ကြည့်ရှုနိုင်စေရန်အတွက် လက်မှတ်များဝယ်ယူကာ လက်ဆောင်သွားပေးခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်စီးတီးသည် လာမည့်စနေနေ့တွင် ဘရိုက်တန်အသင်းနှင့် အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရတော့မည်ဖြစ်ကာ အတ်ခ်အယ်လ်ဗင်ကျောင်းမှ ကလေးငယ်များ ပွဲလာရောက်ကြည့်ရှုနိုင်စေရန်အတွက် လက်မှတ်အစောင်ရေ ၅၅၀ ကို ၎င်းအနေနှင့် ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း စတာလင်းက ဖွင့်ဟပြောကြားထားသည်။

အတ်ခ်အယ်လ်ဗင် စာသင်ကျောင်းသည် လန်ဒန်မြို့၏ မြောက်ဘက်အရပ်တွင် တည်ရှိပြီး အက်ဖ်အေဖလားပွဲစဉ်များ ယှဉ်ပြိုင်ရမည့် ၀င်ဘလေဘောလုံးကွင်းနှင့် ခရီးပမာဏ အနည်းငယ်သာ အလှမ်းဝေးကွာကာ ပွဲကြည့်ရှုမည့် ကလေးငယ်များအတွက် အသွားအပြန် သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များအထိ စတာလင်းက အကုန်အကျခံ တာဝန်ယူပေးထားကြောင်းလည်း အတ်ခ်အယ်လ်ဗင်စာသင်ကျောင်းက ကြေညာချက်ထုတ်ပြန်ထားသည်။

အတ်ခ်အယ်လ်ဗင်စာသင်ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်သား အရေအတွက် ၉၂ ရာခိုင်နှုန်းသည် လူနည်းစု အရေအတွက်သာရှိသည့် လူမျိုးစုများမှ မွေးဖွားလာသော ဆင်းရဲနွမ်းပါးသူများဖြစ်ကြကာ ယင်းကဲ့သို့သော စာသင်ကျောင်းမျိုးက ၎င်းကို ယနေ့ကဲ့သို့သော အခြေအနေမျိုးရောက်အောင် မြှင့်တင်ပေးခဲ့သည့်အတွက် လွန်စွာ ဂုဏ်ယူမိကြောင်းလည်း စတာလင်းက အသိပေးသွားခဲ့သေးသည်။