News

POST TYPE

SPORTS

မက်ဆီကို ဘုရားသခင်နှင့်ခိုင်းနှိုင်းခြင်းမှာ ဘာသာရေးနှင့် မကိုက်ညီဘဲ ဘုရားသခင်ကို စော်ကားရာရောက်ကြောင်း ပုပ်ရဟန်းမင်းကြီး သတိပေး
02-Apr-2019

ရောမ၊ ဧပြီ ၂

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ဘုရားသခင်နှင့်ခိုင်းနှိုင်းသည့် စကားရပ်မျိုးဖြင့် ချီးမြှောက်သည်မှာ ဘာသာရေးနှင့်မကိုက်ညီဘဲ ဘုရားသခင်ကိုစော်ကားသည့်အပြစ် ကျူးလွန်ရာရောက်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။

ကက်သလစ်ကျောင်းတော်သည် မက်ဆီကို ဘုရားသခင်ဟု တင်စားရည်ညွှန်းသော မည်သူမဆိုသည် ဘုရားသခင်၏အမည်နာမတော် ဂုဏ်တော်ကို မလျော်ကန်စွာ သုံးစွဲခြင်းဖြစ်သည့်အတွက် တတိယမြောက် ပညတ်တော်ကို ချိုးဖောက်ရာရောက်သည်ဟု ထုတ်ပြန်ကြေညာထားပြီး မက်ဆီမှာ ကစားသမားကောင်းတစ်ဦးဖြစ်သည်ကို လက်ခံသော်လည်း ဘုရားသခင်မဟုတ်ကြောင်း ကက်သလစ်ကျောင်းတော်က ရှင်းပြထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်း၏အနီးကပ်လူယုံဖြစ်သော လော့ဒ်အယ်လ်မိုက်တီကို ဘောလုံးပရိသတ်များက မက်ဆီနှင့် ဘုရားသခင်ကို မနှိုင်းအပ် မနှိုင်းရာ နှိုင်းယှဉ်လာသည့်ကိစ္စရပ်များကို တားမြစ်ရတော့မည်ဟု ဆင့်ခေါ်အသိပေးလိုက်ပြီဖြစ်ပြီး “ ဘုရားသခင်က လူအသွင်ယူ၍ ဘောလုံးကွင်းတွင် ဘောလုံးကစားပြနေသည်”ဟူသော အသုံးအနှုန်းမျိုးမှာ လုံးဝပင် မသုံးသင့်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောကြားသွားခဲ့သည်။

မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် ဘာစီလိုနာကို ကိုယ်စားပြု၍ ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ပေါင်း ၃၇ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ သွင်းဂိုး ၃၉ ဂိုး၊ ဂိုးဖန်တီးမှု ၂၁ ကြိမ် ရယူပံ့ပိုးပေးနိုင်ခဲ့ပြီး ၎င်းကို ၎င်း၏ဘောလုံးပရိသတ်များက ၎င်း၏ကျောနံပါတ်ပါဝင်သည့် D10S ဟူသော သင်္ကေတဖြင့် တွင်တွင်ကျယ်ကျယ် ဂုဏ်ပြုချီးကျူးလာခြင်းကြောင့် ပုပ်ရဟန်းမင်းကြီးက သတိပေးလိုက်ခြင်းဖြစ်သည်။

D10S ဟူသော စကားလုံးသည် စပိန်ဘာသာစကားဖြင့် ဘုရားသခင်ကို ရည်ညွှန်းခြင်းဖြစ်ပြီး ယင်းအသုံးအနှုန်းမှာ ဘုရားသခင်အပေါ် ယုံကြည်မှုကင်းမဲ့ရာရောက်သည်ဟုလည်း ပုပ်ရဟန်းမင်းကြီးက ရှင်းပြသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပုပ်ရဟန်းမင်းကြီးက “ဒီလိုမျိုး သုံးနှုန်းတာတွေဟာ ဘုရားသခင်ကို စော်ကားတာနဲ့ အလာသဏ္ဌာန်တူပါတယ်။ လူတွေက မက်ဆီကို ဘုရားသခင်နဲ့ ဘယ်လိုမှ မနှိုင်းသင့်ပါဘူး။ ဒီလိုမျိုး မပြောသင့်သလို ယုံလည်း မယုံကြည်သင့်ဘူးလို့ ယူဆမိပါတယ်။ သတိပေးချင်တာက ဘုရားသခင်ကသာလျှင် ဦးချဝတ်ပြုဖို့ ခံထိုက်သူပါ။ မက်ဆီဟာ ကစားသမားကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုရားသခင် မဟုတ်ပါဘူး”ဟု ပြောကြားသွားခဲ့သည်။



  • VIA