News

POST TYPE

SPORTS

အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ဘိုင်ယန်မြူးနစ် ခေါ်ယူ
28-Mar-2019

မြူးနစ်၊ မတ် ၂၈

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၈ သန်း ပေးချေဝယ်ယူလိုက်ပြီဖြစ်ပြီး ၎င်းတို့နှင့် လူးကပ်စ်ဟာနန်ဒက်ဇ်အကြားတွင် ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်ဟု ဘိုင်ယန်မြူးနစ်က သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

အသက် ၂၃ နှစ်အရွယ်ရှိ လူးကပ်စ်ဟာနန်ဒက်ဇ်သည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သော ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး လူးကပ်စ်ဟာနန်ဒက်ဇ်ကို အသင်းကစားသမားအဖြစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် တရားဝင်ဖွင့်လှစ်မည့် လာမည့် ဇူလိုင်လ ၁ ရက်နေ့၌ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်းလည်း ဘိုင်ယန်မြူးနစ်က ရှင်းပြထားသည်။

လူးကပ်စ်ဟာနန်ဒက်ဇ်သည် ဗဟိုခံစစ်တွင်သာမကဘဲ ဘယ်ခြမ်းခံစစ်၌ပါ ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ၎င်းမှာ အက်သလက်တီကိုအသင်းနှင့်အတူ ယူရိုပါလိဂ်နှင့် ဥရောပစူပါဖလားတို့ကို ဆွတ်ခူးရယူနိုင်ခဲ့ပြီးလည်းဖြစ်သည်။

လူးကပ်စ်ဟာနန်ဒက်ဇ်သည် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပွဲစဉ်ပေါင်း ၁၅ ပွဲ ပါဝင်ကစားခွင့်ရရှိခဲ့ပြီးဖြစ်ကာ ရုရှားနိုင်ငံတွင် ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြင်သစ်အသင်းဆွတ်ခူးရရှိခဲ့ရာ၌ လူးကပ်စ်ဟာနန်ဒက်ဇ်မှာ ပွဲစဉ်တိုင်းကို ပါဝင်ကစား၍ အသင်းအမာခံကစားသမားတစ်ယောက်အဖြစ် နေရာပေးခြင်းခံခဲ့ရသူဖြစ်သည်။

ဘိုင်ယန်မြူးနစ်သည် လူးကပ်စ်ဟာနန်ဒက်ဇ် မတိုင်မီတွင် လူးကပ်စ်ဟာနန်ဒက်ဇ်၏ပြင်သစ်လက်ရွေးစင်အသင်းဖော် စတုဂတ်ညာနောက်ခံလူ ပါဗတ်ဒ်ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ကာ ဆက်လက်၍ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာဖွယ်ရှိနေသည့် အခြားသော ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဗာရာနေးကို ခေါ်ယူရန်လည်း ဘိုင်ယန်မြူးနစ်က စောင့်ကြည့်မှုများရှိနေသည်။



  • VIA