News

POST TYPE

SPORTS

မန်ယူကစားသမား ခုနစ်ဦး ဒဏ်ရာသက်သာ ပျောက်ကင်း၊ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြခန့်မှသာ မန်ယူအတွက် အလုပ်ဆက်လုပ်မည်ဟု မိုက်ဖီလန် ပြောကြား
27-Mar-2019

မန်ချက်စတာ၊ မတ် ၂၇

မန်ယူကစားသမား ခုနစ်ဦးသည် ဒဏ်ရာများ သက်သာပျောက်ကင်းကာ အသင်းနှင့်အတူ လေ့ကျင့်ရေးပြန်ဆင်းရန် အသင့်ရှိနေကြပြီဖြစ်ပြီး ပွဲကျပ်များ ဆက်တိုက်ကစားရတော့မည့်အချိန်တွင် အသင်းအဓိကကစားသမားများ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာသည်မှာ အားတက်ဖွယ်ပင်ဖြစ်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောကြားသွားခဲ့သည်ဟု The Mirror က ဖော်ပြထားသည်။

မန်ယူသည် လက်ရှိအချိန်တွင် ပြိုင်ပွဲအရပ်ရပ် နှစ်ပွဲဆက်တိုက် အရှုံးရလဒ်ကို ရင်ဆိုင်ထားရပြီး ယခုသီတင်းပတ်တွင် ဝက်ဖို့ဒ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ လက်ခံယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၎င်းတို့အတွက် မနိုင်လျှင် မဖြစ်တော့သည့်ပွဲသဖွယ် အရေးပါနေသည်ကို အသင်းကစားသမားများအနေနှင့် နားလည်သဘောပေါက်ရန် လိုအပ်ကြောင်းလည်း နည်းပြ ဆိုးလ်ရှားက တိုက်တွန်းထားသည်။

ရတ်ရှ်ဖို့ဒ်၊ လုခ်ရှော၊ မာတစ်နှင့် မာတီရယ်လ်တို့သည် ယခုသီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာပွဲစဉ်များတွင် ဒဏ်ရာပြဿနာများကြောင့် လက်ရွေးစင်အသင်းလူစာရင်းများမှနေ၍ နုတ်ထွက်ခဲ့ကြရပြီး လက်ရှိအချိန်တွင်မူ ဒါမီယန်၊ ဘေလ်လီနှင့် ဗလင်စီယာတို့လည်း ပွဲထွက်ကစားရန် အဆင်သင့်အနေအထားတွင် ရှိနေကြပြီဖြစ်ကြောင်း မန်ယူက သတင်းထုတ်ပြန်ထားသည်။

မန်ယူလက်ထောက်နည်းပြ မိုက်ဖီလန်သည် အသင်းအမြဲတမ်းနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်၊ မခန့် ဆိုခြင်းကို အမြန်ဆုံးသိရှိလိုကြောင်း ဒါရိုက်တာဘုတ်အဖွဲ့ကို အသိပေးလိုက်ပြီဖြစ်ပြီး အကယ်၍ ဆိုးလ်ရှားသာ မန်ယူအမြဲတမ်းနည်းပြဖြစ်မလာခဲ့ပါက ၎င်းအနေနှင့် သြစတြေးလျ အေ-လိဂ်ကလပ် စင်ထရယ်လ် ကို့စ် မာရီနားစ်အသင်း၏အားကစားဒါရိုက်တာအဖြစ် ဆက်လက်တာဝန်ယူရန် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မိုက်ဖီလန်က ပြောကြားထားသည်။

မိုက်ဖီလန်နှင့်  စင်ထရယ်လ် ကို့စ် မာရီနားစ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် မတ်လပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး စင်ထရယ်လ် ကို့စ် မာရီနားစ်အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းထားသော်လည်း မိုက်ဖီလန်မှာ မန်ယူအတွက် တာဝန်ထမ်းဆောင်ပေးလိုခြင်းကြောင့် ယင်းစာချုပ်သစ်ကို လက်မခံဘဲ ငြင်းဆန်ထားဆဲဖြစ်သည်။



  • VIA